26.6 C
Yangon

ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ကန်ကျိုးပေါက်၍ ကား နှင့် ဆိုင်ကယ်များ ရေထဲ မျောပါသွားကာ လူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကန်ကျိုးပေါက်၍ ကား ၂ စီး ရေထဲ မျောပါသွားပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နောင်ပိန် ၅ ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်း၍ လုပ်ပါကန် ကျိုးပေါက်ကာ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ရွှေလမင်းဆီဆိုင်ရှေ့ရှိ လမ်းမကြီးကို ဖြတ်သန်းမောင်းနှင်လာသော အိမ်စီးကား ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲ မျောပါသွားကြောင်း သိရသည်။

ထို ကား ၂ စီးပေါ်မှ ယာဉ်မောင်းများသည်လည်း ရေစီးနှင့်အတူ မျောပါသွားပြီး ၁ ဦးကို ရွာမကြီးဘက်တွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ကျန် ၁ ဦးသည် သေဆုံးခဲ့ကာ ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရုပ်အလောင်းကို ကယ်ဆယ်ရေး လုပ်ဆောင်သူများက ရှာတွေ့ခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ် ခဲနားရှိုးရွာ မှ နောင်ပိန်ရွာဘက်သို့ ဆိုင်ကယ်ဖြင့် စစ်ရှောင်လာသော အသက် ၅၁ နှစ်အရွယ် ဦးဒီးယားသည်လည်း နမ့်ဟူးကျေးရွာ အကျော်တွင် ရေစီးနှင့်အတူ မျောပါသွားပြီး ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

“ရေစီးက အရမ်းကြမ်းဘူးလို့ ယူဆပြီး ဖြတ်မောင်းတာ ထင်တယ်။ မိုးကလည်း အရမ်းရွာပြီး ကန်ရေက အရှိန်နဲ့ ကျလာတော့ ကားပါ မျောပါသွားတာ ယာဉ်မောင်း ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ ရုပ်အလောင်းတွေတော့ ပြန်ရှာတွေ့ပြီလို့ ပြောတယ်။ ၁ ဦးကတော့ အသက်ရှင်တယ်တဲ့ ရွာမကြီးဘက်မှာ ပြန်တွေ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article