တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သမ္မတရုံးရှေ့တွင် မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ “မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် ကိုရီးယားအစိုးရက အလေးထားဆောင်ရွက်ရန်” တောင်းဆိုစာကို ယနေ့ ၃၇-နှစ်မြောက် ရှစ်လေးလုံးနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သမ္မတရုံးသို့ ပေးပို့တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
သမ္မတရုံးသို့ ပေးပို့ခဲ့သည့် တောင်းဆိုစာတွင် လတ်တလော စစ်အုပ်စု၏ အသွင်ပြောင်း လုပ်ရပ်များသည် အလိမ်အညာသာ ဖြစ်ကြောင်း၊ စစ်အုပ်စုရွေးကောက်ပွဲသည် ဒီမိုကရေစီကို ဖော်ဆောင်ရန် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် လှည့်စားခြင်းသာ ဖြစ်ကြောင်း၊ ကိုရီးယားသည် လေးနှစ်တာလုံး မြန်မာပြည်သူများဘက်မှ အခိုင်အမာ ရပ်တည်ခဲ့ကြောင်း၊ သမ္မတ အီဂျဲမြောင် ကိုယ်တိုင် ယခင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်က ဖွင့်ဟ ထောက်ခံခဲ့ကြောင်း၊ သို့ရာတွင် နွေဦးတော်လှန်ရေး ကာလကြာလာသည်နှင့်အမျှ နိုင်ငံတကာ၏ စိတ်ဝင်စားမှုနှင့် လူသားချင်းစာနာမှုကူညီရေးများ လျော့ရဲလာကြောင်း၊ ထို့ကြောင့် ကိုရီးယား အစိုးရ အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားပြီး၊ ဒီမိုကရေစီ ဖြစ်ထွန်း တည်ဆောက်ရေးတွင် တက်တက်ကြွကြွ ဆောင်ရွက်ရန်၊ အာဏာသိမ်း စစ်အုပ်စုနှင့် မပတ်သက်ရန် အလေးအနက် တောင်းဆိုကြောင်း စသည်တို့ ပါရှိကြောင်း သိရှိရသည်။
သတင်းစာရှင်းလင်းပွဲတွင်မူ ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့ဝင် ဦးဝင်းပေါ်မောင်က “ရှစ်လေးလုံး အရေးတော်ပုံသည် မြန်မာ့ဒီမိုကရေစီရေး၏ ကြီးမားသော အချိုးအကွေ့ကြီး ဖြစ်ပြီး၊ ယနေ့ နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံး၏ နိဂုံးတိုက်ပွဲ ဖြစ်ကြောင်း၊ ရှစ်လေးလုံး စိတ်ဓာတ်သည် မြန်မာပြည်တွင် ဘယ်သောအခါမှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ရှင်းလင်း ပြောကြားကြောင်း သိရှိရသည်။


