ရန်ကုန်၊ ဩဂုတ် ၈
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖားဆောင်းမြို့နှင့် ခဲမဖြူရွာ အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာ တဝိုက်ကို ကျဲချ တိုက်ခိုက်သွားတာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့ နံနက် ၁၀ နာရီလောက်ကျဲချ တိုက်ခိုက်သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ပစ်ခတ်ထား၍ ဒရုန်းဖြင့် အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းမှ လက်နက်ကြီး ၁၂၀ မမ ဖြင့် ကြိတ်ကွင်းကျေးရွာ၊ လေးအိမ်စု လယ်ကွင်းတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တောဝိကျေးရွာမှ စစ်သားများက ကျွန်းကုန်း ကျေးရွာ အနောက်ဘက်ခြမ်းကို လက်နက်ကြီး ၈၁ မမဖြင့် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပဲနွယ်ကုန်းမှ စစ်သားများက နံဇလေး ကျေးရွာ နှင့် ဇရပ်ခင်ကျေးရွာ အကြားကို လက်နက်ကြီး ၁၂၀ မမ ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ သဲဖြူရွာနှင့် သစ်ရွာ အကြားကိုလည်း ကာမီကာဇေ ဒရုန်းဖြင့် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၃၀ ရက် နေ့တွင် ပဲနွယ်ကုန်းမှ စစ်သားများက သဲဖြူရွာဘေးကို လက်နက်ကြီး ၁၂၀မမ ၂ လုံး၊ သဲဖြူရွာလယ်ကွင်းတွင် လက်နက်ကြီး ၁၂၀ မမ ၃ ပစ်ခတ်ခဲ့ပြီး သဲဖြူရွာထိပ်ကိုလည်း ကာမီကာဇေ ဒရုန်းဖြင့် ၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့တွင် ခလရ-၆၀ မှ စစ်သားများက ညောင်တန်းရွာကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း ဓမ္မာရုံ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့တွင် စစ်တပ်က ကာမီကာဇေဒရုန်းဖြင့် ရန်မျိုးအောင် တံတား အနောက်ဘက်ခြမ်းကို ၅ ကြိမ်၊ ပိုးလိုးနိုဖိုး (လယ်ဝိုင်းကြီး) ကျေးရွာကို ၁ ကြိမ်၊ ရန်မျိုးအောင် ကျေးရွာကို ၃ ကြိမ်၊ ရန်မျိုးအောင်တံတားကို ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့တွင် ဘာဘူကုန်းကျေးရွာမှ စစ်သားများက ဒရုန်းဖြင့် ကြိတ်ကွင်းကျေးရွာအတွင်းကို ၁၅ မိနစ်ခြားတစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးကာ သူဌေးကုန်းကျေးရွာကိုလည်း ဒရုန်းဖြင့် ၁၂၀ မမ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သူဌေးကုန်းဘူတာမှ စစ်သားများ၏ ဒရုန်းကား ၁ စီးရောက်ရှိလာပြီး နွားရေချောင်းကျေးရွာကို ဒရုန်းဖြင့် ၁၂၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး ညနေပိုင်း ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုးနဝင်း ဘုရားဝင်းအတွင်း ကြရောက်ပေါက်ကွဲခဲ့ပြီး စေတီ ၁ ဆူ ပျက်စီးခဲ့ကြောင်း သိရှိရသည်။



