31.5 C
Yangon

ပြည်တွင်းတွင် စစ်မှုထမ်း လူငယ်များ ရှားပါးနိုင်လာသဖြင့် မြန်မာများ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို စစ် တပ်က ပိတ်ပင်တားဆီးပေးရန် ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက တောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၉

ပြည်တွင်းတွင် အလှည့်ကျ စစ်မှုထမ်းရမည့် လူငယ်များ ရှားပါးနိုင်လာသဖြင့် မြန်မာများ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်မှုများကို စစ်တပ်က ပိတ်ပင်တားဆီးပေးရန် ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက သူ၏လူမှုကွန်ရက်မှ တစ်ဆင့် တောင်းဆိုသည်။

ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား နယ်စပ်ပြဿနာကြောင့် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ကမ္ဘောဒီးယားက သူ၏ နိုင်ငံ သားအလုပ်သမားများကို ထိုင်းနိုင်ငံမှ ပြန်လည် ခေါ်ယူခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယားအလုပ်သမား ၇ သိန်း နေရပ်ပြန်သွားကြကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက် ကြီးမားနေသဖြင့် မြန်မာနိုင်ငံမှ အလုပ် သမားများကို ခေါ်ယူလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ ခေါ်ယူပါက မြန်မာအလုပ်သမား သိန်းချီ၍ ထိုင်းနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်သဖြင့် စစ်မှုထမ်းလူငယ်များ ခေါ်ယူရန် လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်း၊ ပြည်တွင်း အလုပ်သမား ပြတ်လပ်မှု ပြဿနာအကြီးအကျယ်ဖြစ်ပေါ်နိုင်ကြောင်း ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက ဆိုသည်။

“အခုထိုင်းမှာ ရှိနေတဲ့ ခမာတွေ ကမ္ဘောဒီးယားနိုင်ငံသား ၇ သိန်းလောက်ရှိတယ်။ ၇ သိန်းလောက်က ကမ္ဘောဒီးယားအစိုးရက ပြန်ခေါ်တယ်။ မင်းတို့ ယိုးဒယားမှာ သွားအလုပ်လုပ်စရာမလိုဘူး။ ငါတို့နိုင်ငံပြန်လာခဲ့။ မင်းတို့ ပြန်မလာရင် ပတ်စ်ပို့ရုပ်သိမ်းမယ်။ နိုင်ငံသားအဖြစ်ကနေ ရပ်စဲမယ်။ မင်းတို့ဘဏ်စာရင်းတွေ သိမ်းမယ်။ စသည်ဖြင့် အဲဒီလို ကျပ်လိုက်တော့ ခမာတွေက အိမ်ပြန်နေကြတယ်။ ၇ သိန်းလောက် ။ ၇ သိန်းလောက်ကြီး လျော့သွားရင် ယိုးဒယားမှာ Labor Crisis အကြီးကြီးဖြစ်မယ်။ အဲဒီ Labor Crisis ကို ကာမိအောင် ဘယ်လိုလုပ်မလဲဆိုတော့ မြန်မာတွေကို ခေါ်ပြီးတော့ ခိုင်းနိုင်တယ်။ မြန်မာတွေက အများကြီး ထပ်ပြီးတော့ ထွက်လိမ့်မယ်။ အခုက မြန်မာက သန်းနဲ့ချီပြီး ရှိတယ်။ ယိုးဒယားမှာ။ မြန်မာတွေ ထပ်ပြီးထွက်ရင် Labor Crisis က ကူးစက်နိုင်တယ်။ မြန်မာပြည်က အလုပ်သမားတွေလည်း လျော့သွားနိုင်တယ်။ စစ်မှုထမ်းခေါ်တာက အစ အခက်အခဲတွေ ဖြစ်နိုင်တယ်။ လူ ၇ သိန်းလောက်ကြီးလိုမှာကို” ဟု ဘူးလက်လှဆွေက ဆိုသည်။

ထို့ကြောင့် စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်သည့် နယ်စပ်ထွက်ပေါက်၊ နယ်စပ်လမ်း၊ လေဆိပ်၊ ရေဆိပ်များအားလုံးကို စိစစ်ပိတ်ပင် တင်းကျပ်ထိန်းချုပ်မှုများ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း ဘူးလက်လှဆွေက ပြောဆိုသည်။

လတ်တလော ကမ္ဘောဒီးယားအလုပ်သမား ၈ သိန်းကျော် ထိုင်းနိုင်ငံမှ ထွက်ခွာသွားသဖြင့် ဘန်ကောက်စက်မှုဇုန်များနှင့် ဆောက် လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သမား ပြတ်လပ်မှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ထိုင်းအခြေစိုက် Thairath သတင်း ဌာနက ရေးသားဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင်း လစ်လပ်သွားသည့် ကမ္ဘောဒီးယားလုပ်သားများ နေရာတွင် မြန်မာလုပ်သားများကို လုပ်ငန်းရှင်များဘက်က အ စား ထိုးခန့်အပ်လာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အထောက်အထားအစုံအလင်ရှိသည့် မြန်မာလုပ်သားများအနေနှင့် စမတ်ခက မပေးရဘဲ လျှောက်ထားနိုင်သည့် အလုပ်များလည်း ရှိလာကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသားများနေရာတွင် မြန်မာလုပ်သားများကို ခန့်အပ်သည့် လုပ်ငန်းစဉ်သည် ရှုပ်ထွေးမှုမရှိဘဲ လွယ်ကူရိုးရှင်းကြောင်း သိရှိရသ်ည်။

“ဒီရက်ပိုင်းပဲ ကြက်သားရုံတစ်ရုံက ထွက်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သား ၆၀၀ ကျော်ခေါ်တယ်။ အခုဆို အဲဒီ ၆၀၀ ကျော် ပြည့်သွားပြီ။ အလုပ်လက်မဲ့ မြန်မာလုပ်သားတွေ သွားလျှောက်ကြတယ်။ တချို့လည်း လက်ရှိ လုပ်နေတဲ့ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ နောက်ထပ် လုပ်ငန်းခွင်တွေ သွားလျှောက်ကြတယ်။ အခု အလုပ်တွေ ရသွားပြီ။ စမတ်ခ မပေးရဘူး။ လစ်လပ်သွားတဲ့ ကမ္ဘောဒီယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သားတွေ အထောက်အထားအစုံ ရှိတယ်ဆိုရင် အဲဒီအလုပ်နေရာက လူခေါ်တယ် စမတ်တာနဲ့လည်း ဟိုဘက်က လုပ်ငန်းရှင်က ကြိုက်တယ်ဆို အလုပ်လက်ခံ အစားထိုး အလုပ်ဝင် အဲဒီလောက်ပါပဲ။ ကျွမ်းကျင်မှုတွေ လုပ်ဆောင်မှုကတော့ သူ့လုပ်ငန်းနယ်ပယ်အလိုက် လူသစ်တွေကို ပြန်သင်ပေးရတာတော့ ရှိလာမှာပေါ့” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ပဋိပက္ခများကြောင့် ထိုးနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီယားနိုင်ငံသား အလုံးအရင်းနေရပ်ပြန်သွားမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လုပ်သားများ နေရာတွင် မြန်မာလုပ်သားများကို ခေါ်ယူရန် ထိုင်းလုပ်ငန်းရှင်များက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article