နေပြည်တော်တွင် အကြမ်းဖက် စစ်တပ် ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ မသာအလောင်း အသုဘလှည့်လည်ချိန် Non-CDMဝန်ထမ်းများ အပြင်ထွက်နှုတ်ဆက်ခြင်းနှင့် လိုက်ပါပို့ဆောင်ခြင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့ သေဆုံးခဲ့သော မြင့်ဆွေ၏ အလောင်းကို ၅ ရက်တိုင် ထားရှိပြီး ဩဂုတ်လ ၁၁ ရက်နေ့တွင် စစ်သင်္ချိုင်းသို့ အခမ်းအနားဖြင့် ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်း၊ မြင့်ဆွေမသာအလောင်းကို သယ်ယူရာ လမ်းတစ်လျှောက် Non-CDM ဝန်ထမ်းများက နှုတ်ဆက်ကြမည်ဖြစ်ပြီး မသာအလောင်းကို တင်ဆောင်သော ကားမှာလည်း နေပြည်တော် တစ်ခွင် လှည့်လည်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။
“အသုဘ ကြိုရမယ့် သူတွေ စာရင်းကောက်ပါတယ်။ တချို့က လမ်းမှာ စောင့်ပြီးကြိုရမယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေကတော့ အသုဘပို့ သွားကြမယ်။ အဲဒါတွေကိုတော့ တာဝန်ထမ်းခွဲကြတယ်” ဟု နေပြည်တော် ဝန်ထမ်းသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်တပ်ကလည်း မြင့်ဆွေ အသုဘ မသာချ အခမ်းအနားကို စစ်တီး၀ိုင်းများ၊ စစ်အခမ်းအနားများဖြင့် ပါဝင်မည်ဖြစ်ပြီး မသာချချိန် နေပြည်တော်တစ်ခွင် လုံခြုံရေး တင်းကျပ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာအာဟာရစာသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲံရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ်ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကျန်းမာရေးအတွက် အနီးကပ် နေအိမ်တွင် ဆေးကုသမှုပေးခဲ့ကြောင်း ၊ မြင့်ဆွေသည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ရာမှ သေဆုံးခဲ့သည်။
မြင့်ဆွေသည် သေဆုံးချိန်တွင် အသက် ၇၅ နှစ်ရှိနေပြီဖြစ်ပြီ စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်အာဏာရှင် သန်းရွှေ၏ လူယုံတစ်ဦးလည်းဖြစ်သည်။
မြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတတစ်ဦးဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် မင်းအောင်လှိုင်၏ ရုပ်သေးရုပ် ယာယီသမ္မတဖြစ်လာသည်။
