ရန်ကုန်၊ ဩဂုတ် ၉
မြန်မာ့အရေး ဖြေရှင်းရေးတွင် ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဟု အာဆီယံက ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုးဟာမက်ဟာဆန် ဦးဆောင်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၄ ဦး လာရောက်မည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများတွင် ဖော်ပြထားသည်။
လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးများ စုစုပေါင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၄ ဦးက မြန်မာစစ်ဗိုလ်ချုပ်များနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်များကို လာရောက်စုဆောင်းမေးမြန်းရှာဖွေမည်ဖြစ်ကြောင်း သိရှိရသည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အောက်တိုဘာလမှာ အာဆီယံထိပ်သီးခေါင်းဆောင်တွေကို တင်ပြနိုင်ဖို့ အခြေအနေကိုရှင်းရှင်း လင်းလင်း သိချင်ပါတယ် ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ဇူလိုင်လ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရာတွင် ရွေးကောက်ပွဲက အာဆီယံ၏ ဦးစားပေးမဟုတ်သည်ကို အာဆီယံအဖွဲ့က သဘောတူခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဖြင့် မြန်မာ့အရေးလိုက်နာဖြေရှင်းရန် မြန်မာစစ်တပ်ကို ထပ်မံတိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်းကြောင့် မြန်မာစစ်တပ်ကို အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ခွင့်ကို ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံက ပိတ်ပင်ခဲ့သည်။
