ကရင်ပြည်နယ်၊ မြဝတီ အာရှလမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် DKBA ဗိုလ်ဘိနှင့် ဗိုလ်ဒါးဝင်း အဖွဲ့ကို လက်နက် တပ်ဆင်ပေးပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့တွင် ဘားအံ တပ်မ ၂၂ မှ DKBA ဗိုလ်ဘိ နှင့် ဗိုလ်ဒါးဝင်း အဖွဲ့ကို စစ်တပ်က လက်နက်ခဲယမ်း အမြောက် အများ ပို့ဆောင်ပေးပြီး မြဝတီ အာရှလမ်း ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်ခိုင်းနေကြောင်း သိရသည်။
အလားတူ အကြမ်းဖက် စစ်တပ်က ဒရုန်းတပ်ဖွဲ့ ၊ ရော့ကတ် အမြှာက်တပ်ဖွဲ့ ၊ လက်နက်ကြီးများ အပါအဝင် လူအင်အား ၁၀၀၀ ခန့်ဖြင့် BGF နှင့် KNLA PC ထိန်းချုပ်ထားသော နဘူး၊ မြပတိုင်၊ ရင်ခွဲတောင် ၊ ရေလယ်ကုန်း ကျေးရွာများမှ ကော့ကရိတ်ဘက်ကိုလည်း အင်အား အများအပြား ဖြည့်တင်းနေကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းများကို KNLA မဟာမိတ်တပ်ဖွဲ့များဘက်မှလည်း ပြန်လည် ခုခံ တိုက်ခိုက်ရန် အသင့် ပြင်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်နိုင်ကာ ဩဂုတ်လ ၁၅ ရက်နေ့ ဝန်းကျင်တွင် စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် မြေပြင်တွင် ကျားထိုးတက်၍ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
“စစ်တပ် ထိုးစစ်ကို KNLA မဟာမိတ်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အသင့်စောင့်ဆိုင်းနေတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်။ KNLA ဘက်က ပြောတာကတော့ စစ်သား ဆိုတာ စစ်တိုက်ရင်တော့ သူတိုက်ကိုယ်တိုက် တိုက်ဖို့ပဲ စောင့်နေတယ် တက်လာလို့ ရမလား တပ်ပြန်လန်မလား ဆိုတာကတော့ တိုက်ကြည့်မှ သိရမယ်လို့ ပြောတယ်” ဟု ဒေသတော် လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က KNLAနှင့် PDF များ ကျေးရွာများအနီး ကပ်မလာနိုင်ရန်ဟုဆိုကာ လမ်းပိုင်းတလျှောက်ရှိ ရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ဖျက်ဆီးနေပြီး နေအိမ်ထဲရှိ ပစ္စည်းအားလုံးကိုလည်း စစ်သားများကို စိတ်ကြိုက်ယူဆောင်နေကြောင်း၊ ကော့ကရိတ် ကောင်းမှု ရွာဘက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ် အာရှလမ်းမကြီးတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
