စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြောင်လမ်းခွဲနှင့် အလကပ္ပရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးနိုင်ကြောင်း Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ရခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ခတ် ခဲ့သော်လည်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေးရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်မှ ၆ နာရီအထိ အလကပ္ပရွာ ကိုးဆူဘုရားအတွင်း ယာယီ အထိုင်ချ တပ်စွဲထားသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး ထိ ခိုက်ဒဏ်ရာရကာ ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိပြီး သေဆုံးနိုင်ကြောင်း သိရှိရသည်။
“အဲ့နေရာတွေက စစ်ခွေးတွေ အထိုင်ချထားပြီး တပ်စွဲထားတဲ့ နေရာပါ။ သူတို့က မထင်ရင် မထင်သလို ပြည်သူပိုင်ကားတွေဆီက ပစ္စည်းတွေကို ယူပါတယ်။ ဂိတ်ကြေးကောက်တာမျိုး လုပ်တာပါ။ ပြီးတော့ သူတို့ စခန်း အနီးအနားကရွာတွေကိုလည်း မီးရှို့တာမျိုး လုပ်တာများပါတယ်။ တိုက်ခိုက်မှုမှာ စစ်ခွေး ၅ ကောင် ထိခိုက်ဒဏ်ရာရပြီး ၂ ဦးကတော့ သေဆုံးနိုင်တယ်” ဟု Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို M.D.F Drone ကျားခင်စိန် ( Myaung ) ၊ Popa Guerilla Force (PGF) ၊ ယင်းမာပင်ခရိုင် ဗျူဟာ၄၇ Droneတပ်ဖွဲ့ ၊ B21 Droneတပ်ဖွဲ့ ၊ Revolution Air Force Drone တပ်ဖွဲ့(Myaung) ၊ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ၊ Peacock Drone Team (Myaung) ၊ ဧရာမြွေပွေး ပြောက်ကျားတပ်ဖွဲ့ (NZN) ၊ မြင်းမူမြို့နယ် ပ.က.ဖ ၊ Black Eagle People Defense Force (MMU)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
