ကရင်ပြည်နယ်၊ KNU ဌာနချုပ် မော်ပယ်ခိုနှင့် သေ့ဘေထ နေရာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး နေအိမ်များ မီးလောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က KNU ဌာနချုပ် မော်ပယ်ခိုနှင့် သေ့ဘေထ နေရာများကို လေယာဉ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း မော်ပယ်ခို ကိုရီးယား ဆေးရုံ အနီးရှိ နေအိမ်နှင့် ဈေးဆိုင်များ မီးလောင်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူများသည်လည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးနေရပြီး လက်ရှိချိန်ထိ လေကြောင်း တိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
” KNU ဌာနချုပ် မော်ပယ်ခို နဲ့ သေ့ဘေထ နေရာ တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်နေတာ ၈ လုံးလောက်ရှိနေပြီး မီးလောင်တာ ထိခိုက်တာတွေရှိတယ်။ ထိုင်ဘက်ကမ်းကို ပြည်သူတွေ တိမ်းရှောင်နေရပြီး အခု ၈နာရီ ထိုးခါနီးမှာ စပြီးတော့ ကျဲနေတာ သူတို့ အာရှလမ်ကို ပြန်ပေး ဖို့ ပြော နေတာ မရရအောင် ဖိအား ပေး နေတာ တပ်မဟာ ၇ ဘက်ကို လေယာဉ်တွေ ဆက်တိုက်တက်ပြီး တောက်လျှောက်ဗုံးကျဲနေတယ် မော်ပယ်ခို ကိုရီးယား ဆေးရုံနားက အိမ်တွေနဲ့ ဆိုင်တွေတော့ မီးလောင်နေပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
