မြန်မာနိုင်ငံမှ ထွက်ခွာလိုသော လူငယ်အရေအတွက် တိုးပွားများပြားနေကြောင်း ကုလသမဂ္ဂ UNDP က ယနေ့ အစီရင်ခံစာစစ်တမ်းတစ်ရပ်ထုတ်ပြန်၍ သတိပေး သည်။
ဩဂုတ်လ ၁၂ ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က အစီရင်ခံစာသစ်တစ်စောင် (A Generation on the Move: Youth Migration and Perceptions in Myanmar) (ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း) ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံသမိုင်းတွင် အခက်ခဲဆုံးအချိန်ကာလတစ်ခုသို့ လျှောက်လှမ်းနေကြရသည့် လူငယ်များ၏ မျှော်လင့်ချက်များ၊ စိုးရိမ်ပူပန်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုအကြောင်းများကို ထုတ်ဖော်ရေးသားထားကာ မြန်မာလူငယ်များက နိုင်ငံမှ ထွက်ခွာလိုမှု များပြားနေကြောင်း သတိပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာလိုသော လူငယ်အရေအတွက် တိုးလာနေကြောင်း၊ အချက်အလက်အသစ်များအရ လူငယ် ၁၀ ယောက်တွင် ၄ ယောက်သည် ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကိစ္စရပ်များကြောင့် အခွင့်အခါပေးပါက နိုင်ငံအတွင်းမှထွက်ခွာလိုကြကြောင်း UNDP အစီရင်ခံစာက ဆိုသည်။
နိုင်ငံတစ်ဝှမ်းရှိ လူငယ် ၇၀၀၀ ကျော်၏ အမြင်များကို စုဆောင်းရယူထားသည့် Myanmar Youth Survey 2024 (မြန်မာလူငယ် သဘောထားစစ်တမ်း ၂၀၂၄) တွင် လူငယ် ၁၀ ဦးတွင် (အသက် ၁၈ မှ ၃၅ နှစ်) ၄ ဦးသည် စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခနှင့် စစ်မှုထမ်း ခေါ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း၊ ပညာအရည်အချင်းမြင့်မားသောလူငယ်များတွင် ရွှေ့ပြောင်းအခြေချရန် စဉ်းစားကြသည်မှာ သိသိသာသာပိုများပြီး မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချိန်၌ “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း အစီရင်ခံစာက ဆိုသည်။
သို့သော်လည်း အစီရင်ခံစာတွင် လူငယ်များ၏ နိုင်ငံနှင့် အိမ်အပေါ် ခင်တွယ်မှုကိုလည်း တွေ့ရကြောင်း၊ ရွှေ့ပြောင်းလို သည့် လူငယ် ၉၀ ရာခိုင်နှုန်းနီးပါးသည် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ ကောင်းမွန်လာပါက ပြန်လာမည်ဟု ဆိုကြကြောင်း၊ အများစုက အနာဂတ်အတွက် အကောင်းမြင်နေကြဆဲဖြစ်ပြီး ထက်ဝက်နီးပါးက မြန်မာလူငယ်တို့ဘဝသည် နောင်ငါးနှစ်အတွင်း ပိုကောင်းလာမည်ဟု ယုံကြည်ကြပြီး သုံးပုံနှစ်ပုံမှာ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောင်နိုင်မည်ဟု ယုံကြည်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။
UNDP ၏ အစီရင်ခံစာ စစ်တမ်းအရ အချက်အလက်အသစ်များတွင်ပညာတတ်လူငယ်များ၏ ၅၃ ရာခိုင်နှုန်းသည် နိုင်ငံအတွင်းမှထွက်ခွာရန် ဆန္ဒရှိနေကြပြီး၊ ကျန်းမာရေး၊ ပညာရေးနှင့် အင်ဂျင်နီယာ စသည့် ကဏ္ဍများတွင် ဦးနှောက်ယိုစိမ့်မှုကြောင့် ပြည်တွင်းလုပ်သားရှားပါးလာနိုင်ခြေရှိကြောင်း၊ ဂျပန်နိုင်ငံသည် လူငယ်အများစု အသွားချင်ဆုံးနိုင်ငံဖြစ်ပြီး၊ ထိုင်းနိုင်ငံသည်လည်း လက်တွေ့တွင် သွားရောက်မှု အများဆုံး နိုင်ငံဖြစ်နေသေးကြောင်း သိရှိရသည်။
လူငယ် ၄၇ ရာခိုင်နှုန်းသည် ခရီးသွားစာရွက်စာတမ်းများမရှိသဖြင့် လုံခြုံရေး အာမခံချက်မရှိသော လမ်းကြောင်းများမှတစ်ဆင့် သွားနေကြရကြောင်း၊ ရခိုင်ပြည်နယ်တွင် ရွှေ့ပြောင်းအခြေချလိုသူ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ အခြားတိုင်းနှင့်ပြည်နယ်များနှင့် နှိုင်းယှဥ်ပါက အမြင့်ဆုံး ဖြစ်ကြောင်း၊ ၉ ရာခိုင်နှုန်းသည် စစ်မှုထမ်း ဥပဒေကြောင့် ပြောင်းရွှေ့လိုကြခြင်းဖြစ်ပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ထိုစိုးရိမ်ချက် ရှိနေကြောင်း သိရှိရသည်။
၆၈ ရာခိုင်နှုန်းသည် ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ခြတစ်ခုအဖြစ် ယုံကြည်ချက်ထားပြီး၊ ၃ ပုံ ၂ ပုံမှာ အပစ်ရပ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို အားပေးကြောင်း၊ ပညာရေးမြင့်မားသူများတွင် မကျေနပ်ချက်များပိုများပြီး၊ ၆၅ ရာခိုင်နှုန်းသည် နိုင်ငံသည် လမ်းကြောင်းမှားတစ်ခုပေါ်တွင် သွားနေသည်ဟု မှတ်ချက်ပြုထားကြောင်း သိရှိရသည်။
“အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် လူငယ်များသည် အနာဂတ်သာမကဘဲ ယနေ့ခေတ် အပြောင်းအလဲ၏ မောင်းနှင်အားဖြစ်ကြောင်း ကျနော်တို့ သတိပြုမိပါတယ်။ ဒီအစီရင်ခံစာက မြန်မာနိုင်ငံတွင်း နေထိုင်နေသည်ဖြစ်စေ၊ နိုင်ငံအတွင်းမှ ထွက်ခွါသွားသည်ဖြစ်စေ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် ရင်းနှီးမြုပ်နှံ့ကြဖို့ တိုက်တွန်းနှိုးဆော်တာလည်းဖြစ်ပါတယ်။ ဒါမှ ထိုလူငယ်များသည် အားလုံးပါဝင်ကြတဲ့ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ် နိုင်ငံတစ်ခုကို ပုံဖော်နိုင်ကြမှာ ဖြစ်ပါတယ်။” ” ဟု UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောသည်။
UNDP အစီရင်ခံစာမှ အရေးတကြီး ဆောင်ရွက်ရန်များကို တွေ့ရှိရပြီး လူငယ်များ အတွက် စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ထိုမှသာ လူငယ်များ တိုင်းပြည်အတွင်း အနာဂတ်ကို တည်ဆောက်နိုင်ကြမည်ဖြစ်ကြောင်း၊ တိုင်းပြည်မှ ထွက်ခွါသွားသူများနှင့် ထိတွေ့ဆက်ဆံရေး တည်ဆောက်ထားခြင်း၊ ထိုမှသာ ၄င်းတို့တိုင်းပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုကြမှာဖြစ်ပြီး ၄င်းတို့၏ အရည်အချင်းများကိုလည်း တိုင်းပြည်အတွက် ထိမ်းသိမ်းထားရာ ရောက်မည်ဖြစ်ကြောင်း ၊ရွှေ့ပြောင်းအလုပ်သမားလူငယ်များ ခေါင်းပုံဖြတ်ခံရခြင်းမှကာကွယ်ရန် ဘေးကင်းပြီး တရားဝင်ရွှေ့ပြောင်းသွားလာနိုင်သည့် လမ်းကြောင်းများ တိုးချဲ့ဆောင်ရွက်ပေးရန်တို့ကို အကြံပြုထားသည်။
UNDP က ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူငယ်များနှင့် ၄င်းတို့၏ ရပိုင်ခွင့်များကို ကာကွယ်ရန်၊ အခွင့်အလမ်းများ တိုးချဲ့ပေးရန်၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြည့်ပြည့်ဝဝ အကောင်ထည်ဖော်နိုင်ရန် စသည်တို့အတွက် ပြည်တွင်းနှင့် ပြည်ပရောက် လူငယ်များနှင့် လက်တွဲလုပ်ဆောင်ရန် တောင်းဆိုထားသည်။
အဆိုပါ အစီရင်ခံစာသည် ရွှေ့ပြောင်းနေထိုင်မှု၊ လုံခြုံရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စသည့် လူငယ်များ၏ အမြင်များကို အပိုင်းလိုက် စုဆောင်းလေ့လာထားသည့် UNDP ၏ မြန်မာ့လူငယ် စစ်တမ်း အစီရင်ခံစာတွဲ၏ ပထမဆုံး အစီရင်ခံစာ ဖြစ်ကြောင်း သိရှိရသည်။
