24.3 C
Yangon

မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Light of Union မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန် The Light of Union မြို့ပြစစ်ဆင်ရေးအဖွဲ့က ရန်ကုန်တိုင်း၊ မြောက် ဥက္ကလာပမြို့နယ် ခေမာသီလမ်းနှင့် သုခမိန်လမ်းထောင့်တွင်ရှိသော မြောက်ဥက္ကလာပမြို့နယ် အမှတ် ၉ ရဲစခန်းကို လက်ပစ်ဗုံး နှင့် ၆၀ မမ ဗုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

“အဲဒီနေ့ည ၇ နာရီခွဲမှာ ပေါက်ကွဲသံတွေကြားရတာမှန်ပါတယ်။ ညသန်းခေါင်ယံမှာ ဧည့်စာရင်း စစ်တာတွေရှိတယ်။ အိမ်တိုင်းကို စစ်တာမဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့အိမ်ကို စစ်တာမျိုးလို့ထင်တယ်။ ပေါက်ကွဲမှုဖြစ်တာတော့ဟုတ်တယ်” ဟု မြောက်ဥက္ကလာမြို့နယ် ညရပ်ကွက် ခေမာသီလမ်းအနီး ဘုမ္မာလမ်းသွယ်အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ကင်းထောက်အဖွဲ့ဖြစ်သော Rangoon Scout Network (RSN) ကလည်း ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်း ၇ နာရီ ၂၂ မိနစ်အချိန် မြောက်ဥက္ကလာမြို့နယ်နှင့် ထိစပ်မြို့နယ်များတွင် ဗုံးပေါက်ကွဲသံကဲ့သို အသံကျယ် ၂ ချက်ကြားလိုက်ရပြီး ခေမာသီလမ်းနှင့် သုခမိန်လမ်းထောင့်ရှိ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲသည်ဟု သိရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်တော်သားတချို့ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က လူငယ်တချို့ကို မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်မြို့ပြ UG များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းရှေ့လမ်းကို လမ်းပိတ်ဆို့ထားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article