ရန်ကုန်၊ ဩဂုတ် ၁၆
အကြမ်းဖက်စစ်တပ်က ၎င်း လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များနှင့် နယ်မြေများ အပါအဝင် တစ်နိုင်ငံလုံးတွင် ရွေး ကောက်ပွဲ ကျင်းပမည်ဟု စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန် ကြေညာ သည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအဖြစ် မြို့နယ် ၃၃၀ ခုကို ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များအဖြစ်လည်း မဲဆန္ဒနယ် ၁၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အဖြစ် ၃၆၄ ခု သတ်မှတ်ပြီး တိုင်းနှင့်ပြည်နယ်လွှတ်တော်၊ လူမျိုးစု မဲဆန္ဒနယ်အဖြစ် ၂၉ နယ် သတ်မှတ်ထားသည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံး မည့်သည့်နေရာကိုမှ ချန်လှပ်မထားဘဲ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာသော်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်တို့ရှိ မြို့နယ်အများစုမှာ စစ်တပ်က လက်လွှတ်ဆုံးရှုံးရသည်။ ထို့ပြင် အခြား တိုင်းနှင့်ပြည်နယ်မဲဆန္ဒနယ်များဖြစ်သော စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း မြို့ပေါ် ဒေသများမှလွဲ၍ ကျေး လက် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ထို့ပြင် MNDAA ၊ UWSA ၊ မိုင်းလား၊ TNLA ၊ AA ၊ KIA၊ KNU ၊ CNF ၊ CB အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသော မြို့နယ်များအားလုံးကို စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များအဖြစ် ကြေညာထား သည်။
ထူးခြားချက်အနေဖြင့် စစ်တပ်က အချိုးကျ ကိုယ်စားပြု စနစ် PR ဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် ၆၈ ခု ပါဝင်လာပြီး အမျိုးသားလွတ်တော်တွင် မဲဆန္ဒနယ် ၂၆ ခုကို PR စနစ်ဖြင့် လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၄၂ ခုကို PR စနစ်ဖြင့် လည်းကောင်း ရွေးကောက်ပွဲကျင်းပပြီး ကျန်မဲဆန္ဒနယ်များအားလုံးကို နိုင်သူ အကုန်ယူ FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။
