ရန်ကုန်၊ ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာနှင့် မမုံကိုင်ရွာရှိ စစ်စခန်းများကို KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ အင်းတော်ကြီးဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ SNA အဖွဲ့တို့ ၁ လ အကြာ ပူးပေါင်း တပ်စွဲထားသော မိုင်းနောင်ရွာနှင့် မမုံကိုင်ရွာရှိ စစ်စခန်းများကို KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူများဖြင့် တစ်နေကုန် ခုခံ တိုက်ခိုက်ခဲ့သော်လည်း KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့များက စစ်စခန်း ၂ ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
” လွန်ခဲ့တဲ့ ၁ လလောက်က စစ်တပ်နဲ့ လက်အောက်ခံ SNA ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုင်းနောင်ရွာ နဲ့ မမုံကိုင်ရွာကို မနေ့က ညနေပိုင်းလောက်မှာ KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့က ပြန်လည် သိမ်းပိုက်ရရှိသွားတယ်။ အင်းတော်ကြီးဒေသကိုလည်း မနေ့တုန်းက စစ်တပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတယ်။ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး အပြင်းအထန် ခုခံပေမယ့် သူတို့ ၁ လကြာ သိမ်းထားတဲ့ မိုင်းနောင်၊ မမုံကိုင်ရွာတွေကို KIA ၊KPDF ပူးပေါင်း တပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ရရှိသွားပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဖားကန့်-နန့်ယား လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၅၀၀ ခန့်ပါ စစ်ကူ စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့က ၁ လကြာ ပိတ်ဆို့ တိုက်ခိုက်နေပြီး ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ထို့ပြင် ဖားကန့်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ် နှင့် KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့များ နေစဉ် တိုက်ပွဲများဖြစ်ပွားနေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က အမှိုက်ပုံရွာနှင့် ဆွတ်နန်ကောင့် ရွာ အနီးရှိ ကုမ္ပဏီဝင်းကို လေယာဉ်၊ လက် နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၂ နှစ်အရွယ် ကုမ္ပဏီစောင့် ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဖားကန့်မြို့ အနီးတဝိုက်မှာ အကြမ်းဖက် စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့တွေနဲ့ KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ၂ လလောက်ရှိပြီ အပြန်အလှန် တိုက်ပွဲဖြစ်နေတာ နေ့တိုင်းနီးပါးဖြစ်နေတာ လက်နက်ကြီးတွေနဲ့ ပစ်ကျတယ်။ ဒရုန်းတွေ ပစ်ကျတယ်။ ဒီရက်ပိုင်းမှာလည်း လ၀-ကာမိုင်း ဘက်ကနေ ဖားကန့်ဘက်ကို အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကြောင်းက စစ်ကြောင်းပြန်ထိုးလာတယ်။ ဖားကန့်-နန့်ယား လမ်းပိုင်းမှာ တိုက်ပွဲပြန်ဖြစ်တာ တပတ်ကျော်လောက်ရှိပြီ စစ်တပ်က ဖားကန့်တိုက်ပွဲမှာတော်တော်အထိနာနေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လ အတွင်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများ နေထိုင်သည့် နေရာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆၅ ဦးထက်မနည်း သေဆုံးပြီး ၂၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
