25.7 C
Yangon

ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်ရန် သားဖွားအတတ်ပညာသင်တန်းအတွက် သင်တန်းသူများ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခေါ်ယူ

Must read

ရန်ကုန်| ဩဂုတ် ၁၉

အာရက္ခတပ်တော် AA ၏ ကျန်းမာရေးဌာနက ရခိုင်ပြည်အတွင်း သားဖွားအတတ်ပညာသင်တန်းအတွက် လျှောက်လွှာခေါ်ယူထားကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ဌာနခွဲများတွင် လစ်လပ်နေသော သားဖွားဆရာမ/ Midwife များကို ခန့်အပ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန် သားဖွားအတတ်ပညာသင်တန်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သားဖွားအတတ်ပညာ သင်တန်းကို ၁၈ လကြာအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်းလည်း AA က ဖိတ်ခေါ်ထားသည်။

လျှောက်ထားသူများအနေဖြင့် လူမျိုး၊ ဘာသာမရွေးလျှောက်ထားနိုင်ပြီး အသက် ၂၅ နှစ်အောက် အမျိုးသမီးဖြစ်ရမည်ဟု သိရသည်။

ပညာအရည်အချင်းက AA က ကျင်းပသည့် ၁၂ တန်းစာမေးပွဲကို အောင်မြင်ကြောင်း ထောက်ခံစာ တင်ပြနိုင်သူဖြစ်ရမည်နှင့် စနစ်ဟောင်းအရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်ရမည်ဟု သိရသည်။

တာဝန်အနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားပေးခြင်းနှင့် မီးတွင်းကာလများ၌ စောင့်ရှောက်ခြင်းတို့ လုပ်ရမည်ဟု ဆိုသည်။

မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း၊ မွေးကင်းစနှင့် ငါးနှစ်အောက် ကလေးငယ် ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် ဆေးကုသရေးလုပ်ငန်းများ စသဖြင့် လုပ်ဆောင်ရမည်ဟု သိရသည်။

လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာလ ၅ ရက်နေ့ နောက်ဆုံးဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့ လျှောက်ထားနိုင်ကြောင်း AA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article