23.7 C
Yangon

ပြည်ပရောက် မြန်မာများကို စစ်တပ်လက်အောက်ခံ သံရုံးများက ကြိုတင်မဲ ပုံစံ ၁၅ ဖောင်လာဖြည့်ကြရန် နှိုးဆော်နေ၊ ထိုင်းရောက် မြန်မာများက မဲပေးရန် အစီအစဉ်လုံး၀ မရှိဟုဆို

Must read

ရန်ကုန်| ဩဂုတ် ု၃

မြန်မာနိုင်ငံပြင်ပ ပြည်ပရောက်ရှိနေကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များကို အာဏာသိမ်း စစ်တပ်လက် အောက်ခံ သံရုံးများက ကြိုတင်ဆန္ဒမဲလက်မှတ် ပုံစံ ၁၅ စာရွက် ဖြန့်ဝေနေပြီး ဖောင်ဖြည့်ကြရန် နှိုးဆော် တိုက်တွန်းနေသည်။

အာဏာသိမ်း စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ခေါင်းစဉ်ဖြင့် မြို့နယ် ၁၀၂ ခုတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ ယင်းရွေးကောက်ပွဲတွင် ပြည်ပ ရောက်မြန်မာများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံ ၁၅ စာရွက်ကို ဖြန့်ဝေနေခြင်းဖြစ်သည်ဟု စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြိုတင်ဆန္ဒမဲလက်မှတ် ပုံစံ ၁၅ တွင် ပါရှိသည့် အချက်အလက်များအား ဖြည့်သွင်းပြီး သက်ဆိုင်ရာ သံရုံးများသို့ ဩဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလ ၈ ရက်နေ့အတွင်း ပေးပို့နိုင်ကြောင်း စစ်တပ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထိုင်းနိုင်ငံတွင်လည်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဘန်ကောက် မြန်မာသံရုံးများက ထိုင်းရောက် မြန်မာနိုင်ငံသားများကြိုတင်မဲများပေးနိုင်ရန် ပုံစံ ၁၅ ဟု ခေါ်သည့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရန် ထုတ်ပြန်ကြေညာခဲ့သော်လည်း ထိုင်းနိုင်ငံတွင် ကျောင်းတက်ရောက်နေသူများနှင့်မြန်မာအလုပ်သမားများက မဲပေးရန် အစီအစဉ် လုံး၀မရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသံရုံးများက ဩဂုတ်လ ၂၂ ရက်နေ့မှစတင်၍ စက်တင်ဘာလ ၈ ရက်နေ့အထိ ကြိုတင်မဲအတွက် ကိုယ်ရေးအချက်အလက်များ အပြည့်အစုံဖြည့်သွင်းရမည့် ဖောင်များကို ပြန်လည် ပေးပို့ရန် နှိုးဆော်သည်။

” မဲပေးစရာ ဘာအကြာင်းမှ မရှိဘူး။ အမြင်ကတ်လို့ထွက်လာတာပါဆို သူ့ပြန်ပေးစရာလား ယုံရတာလည်း မဟုတ်ဘူး။ စကစမို့လို့ကိုမပေးတာ ဘာနေနေ အာဏာသိမ်းတာပဲဟာ မယုံဘူး သူတို့ကို” ဟု ထိုင်းနိုင်ငံတွင် ကျောင်းတက်ရာက်နေသူ မြန်မာနိုင်ငံသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူများကလည်း မြန်မာအလုပ်သမားအများစုက ကြိုတင်မဲနှင့် ဆက်စပ်သည့် ကိစ္စများတွင် ဖြည့်သွင်းရန် ဆန္ဒမရှိ‌ကြောင်း၊ သို့သော် သံရုံးနှင့် ဆက်စပ်၍ စာရွက်စာတန်းများ လိုအပ်ချိန်တွင်မူ အကျပ်ကိုင်၍ ဖြည့်ခိုင်းသည်များ ဖြစ်လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုသည်။

“ကျနော့် အမြင်ကတော့ ကိုယ့်သဘောဆိုရင်တော့ ဘယ်သူမှ ပေးမယ် မရှိဘူး။ အကျပ်ကိုင်ဖို့ပဲ စိုးရိမ်ရတာ။ အကျပ်ကိုင်ခံရရင်တာ့ မပြောတတ်ဘူး။ နင်တို့ ဖောင်မဖြည့် မဲမပေးရင် နင်တို့လိုတဲ့ စာရွက်စာတမ်းမပေးဘူးဆိုတာမျိုးတွေ အကျပ်ကိုင်တာမျိုးပေါ့”ဟု ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလမှစတင်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ရွေးကောက်ပွဲကို အပိုင်း လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ဘန်ကောက်ရှိ စစ်တပ်လက်အောက်ခံ သံရုံးရှေ့တွင် ဆန္ဒပြနေကြသည့် မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article