အကြမ်းဖက်စစ်တပ်က သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးပြီး ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ရွေးကောက်ပွဲအတွက် စစ်တပ်က အသုံးချနေမှုမှာ အရှက်သိက္ခာမဲ့လွန်းသော လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ရွေး ကောက် ပွဲဆိုင်ရာ မိန့်ခွန်းများကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ရက်ဆက် ဖော်ပြလာသည်။
၁၉၄၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် အသံလွှင့် မိန့်ခွန်းမှ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်ဖြစ်သော “ရွေးကောက်ပွဲ ဖျက်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို့ အစိုးရကလဲ ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင် ရွေးကောက်တဲ့နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တို့ အစိုးရက နှောင့် ယှက်မှာ မဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီး လုပ်တဲ့လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာပဲဆိုတာ ရှင်းရှင်းကြီး သတိ ပေးထားပါရစေ” ဆိုသည့် မိန့်ခွန်းကို စစ်တပ်က ၎င်းတို့၏ ရွေးကောက်ပွဲ အတွက် ဝါဒဖြန့်ရန် ဖော်ပြ အသုံးပြုနေခြင်းဖြစ်သည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်တပ်က ၎င်းတို့အတွက် ဝါဒဖြန့်ရန် အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို သုံးလေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။
“သူတို့အသုံးချဖို့လိုတဲ့အခါ ဗိုလ်ချုပ် မိန့်ခွန်းတွေ ကို သုံးလေ့ရှိတဲ့သဘောပဲ။ တကယ် တမ်းတော့ ဗိုလ်ချုပ်နဲ့ ပတ်သတ်ပြီးစစ် တပ်က သူတို့လိုရာဝါဒဖြန့်တဲ့အခါမှသာ သတိရတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဗိုလ်ချုပ်အောင်ဆန်း၏ ရွေး ကောက် ပွဲမိန့်ခွန်းမှာ လက်ရှိ စစ်အာဏာသိမ်းထားသော စစ်တပ်၏ ရွေးကောက်ပွဲနှင့် မည်သို့မှ မသက်ဆိုင်ကြောင်း၊ အခြေအနေနှင့်အချိန်အခါများ ကွာခြားနေပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“အဓိကက နောက်ခံ အခြေအနေချင်းမတူဘူးလေ။ ဒီမိုကရေစီခေတ်တစ်ခုမှာ ရွေး ကောက်ပွဲတစ်ခုကို ဒီမိုကရေစီ မလိုလားတဲ့သူတွေက ဒီရွေးကောက်ပွဲကို ဖျက်လို့ ဖျက် ဆီးလုပ်တဲ့ အခြေအနေမျိုးရှိတဲ့အပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းက ပြောတာလေ။ အခုအခြေအနေက အဲဒါနဲ့ပြောင်းပြန်ပဲလေ။ ဒီမိုကရေစီလိုလားတဲ့သူတွေက ရွေးကောက်ပွဲရလဒ်ရှိထားပြီးသားဟာကို စစ်တပ်က ဒါကို မတရားဖျက်သိမ်းပြီးတော့ အတုအယောင်ရွေးကောက်ပွဲ တစ်ခုကို လုပ်ဖို့ ကြိုးစားနေတာ။ ဗိုလ်ချုပ်ပြောတဲ့အခြေအနေနဲ့ လက်ရှိအခြေအနေက လုံး၀ ကွာခြားတယ်။ အဲဒီအခြေအနေမှာ အခြေအနေချင်းကွာခြားမှုကိုမပြောတော့ဘဲ ဗိုလ်ချုပ်စကားကို ယူသုံးတယ်ဆိုတာကတော့ ဒါ တမင်သက်သက်အသုံးချတာပဲ” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို သတင်း စာများတွင် ဝါဒဖြန့်ရေး ထုတ်နုတ်သုံးစွဲရန် အဓိက လုပ်ဆောင်နေသူမှာ အကြမ်းဖက်ဇော်မင်းထွန်းနှင့် ၎င်း ဦးဆောင်နေသော ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးက ဖြစ်ကြောင်း ရှင်းပြသည်။
ဓာတ်ပုံ- REDUX ။
