အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် အာရကန် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အင်စတီကျု (AIPAH) က ရိုဟင်ဂျာများအပေါ် ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ရန် ရိုဟင်ဂျာခုံရုံး (Rohingya Tribunal) ကို တည်ထောင်လိုက်ကြောင်း AIPAH ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးရွှေမောင် က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကဲ့သို့သော ကြီးမားသည့် ရက်စက် ယုတ်မာမှုများအတွက် အမှန်တရား၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်၍ တည်ထောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရိုဟင်ဂျာခုံရုံး တည်ထောင်ခြင်းသည် ရှင်သန်ကျန်ရစ်သူများ၏ အသံများကို မြှင့်တင်ပေးကာ အမှန်တရားကို မှတ်တမ်းတင်ခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများနှင့် ၎င်းတို့၏ ပူးပေါင်းကူညီသူ ကြံရာပါများကို ကမ္ဘာ့မျက်မှောက်တွင် တာဝန်ခံစေမည်ဖြစ်ကြောင်းလည်း AIPAH ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးရွှေမောင် က ပြောဆိုသည်။
အဆိုပါ ခုံရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများဆိုင်ရာ စွပ်စွဲချက်များကို စစ်ဆေးဆုံးဖြတ်ရန်၊ အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းများအရ ရှင်သန်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များ၊ ကျွမ်းကျင်ပညာရှင်များ၏ သက်သေ အထောက်အထားများနှင့်စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းတင်ရန်၊ ကုလသမဂ္ဂ၊ အမေရိကန်ကွန်ဂရက်လွှတ်တော်၊ အမေရိကန်အစိုးရ၊ အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ ဘင်္ဂလားဒေ့ရှ်၊ ယူနိုက်တက်ကင်းဒမ်း၊ ဥရောပသမ ဂွ၊ အိုအိုင်စီနှင့် အာဆီယံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို အားဖြည့်ပေးမည့် ဥပဒေနှင့်အညီ ဆုံးဖြတ်ချက် ချမှတ်ရန်တို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ရိုဟင်ဂျာခုံရုံး တည်ထောင်ခြင်းသည် တာဝန်ခံမှုဆီသို့ သမိုင်းဝင်ခြေလှမ်းသစ်တစ်ရပ်ကို စတင်လိုက်ခြင်းပင် ဖြစ်တယ်။ ဤခုံရုံးသည် ရှင်သန်ကျန်ရစ်သူများ၏ အသံများကို မြှင့်တင်ပေးကာ အမှန်တရားကို မှတ်တမ်းတင်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ၎င်းတို့၏ ပူးပေါင်းကူညီသူကြံရာပါများအား ကမ္ဘာ့မျက်မှောက်တွင် တာဝန်ခံစေမည် ဖြစ်တယ်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာတရားရုံးများကို အစားထိုးရန် မဟုတ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်ကို အားဖြည့်ပေးမည် ဖြစ်တယ်” ဟု AIPAH ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးရွှေမောင် က ပြောဆိုသည်။
