တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒါရင်ဒရာမိုဒီတို့သည် မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များဖြစ်ကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်ပြောဆိုလိုက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မင်းအောင်လှိုင်အား တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့ပြီး၊ အဆိုပါအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် ဒါရင်ဒရာမိုဒီ နှင့် ရုရှသမ္မတ ပူတင် တို့လည်း တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးပွဲများအတွင်း သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း လုံခြုံရေး၊ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေး ဖွံ့ဖြိုးမှုအရှိန်မြှင့်တင်ရေး တို့အတွက် စစ်အုပ်စုနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
အားကျမခံ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း SCO ထိပ်သီးအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုအတွင်း စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကာ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် တိုးမြင့်လုပ်ကိုင်ကြရန် ပြောဆိုခဲ့သည်။
ထိုသို့ တရုတ် နှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များ၏ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုသည် ၄င်းတို့အနေဖြင့် စစ်အုပ်စုအား စစ်လက်နက်၊ အကာအကွယ်နှင့် ငွေကြေးများ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် အသိအမှတ်ပြု ကူညီပေးမည်ဖြစ်ကြောင်း သတင်းစကားပေးရာရောက်သည်ဟုလည်း JFM ကဆိုသည်။
တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် စစ်အုပ်စု၏ SCO အဖွဲ့ဝင်ဖြစ်ရေး တရားမဝင် တောင်းဆိုမှုကို ထောက်ခံထားသည်။ ၄င်းနိုင်ငံများ၏ စစ်အုပ်စုအပေါ် ပံ့ပိုးကူညီမှုမှန်သမျှသည် ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရဲဆေးတင်ပေးခြင်းသာဖြစ်ကြောင်း Justice For Myanmar ထုတ်ပြန်ထားသည်။
ထို့ကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံများအနေဖြင့် တရားမဝင်စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေး ပံ့ပိုးကူညီနေမှုများ ရပ်တန့်ရန်နှင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်းများရပ်ဆိုင်းရန် Justice For Myanmar ကထုတ်ပြန်တောင်းဆိုခဲ့သည်။
