24.5 C
Yangon

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးရန် စစ်တပ်က တရုတ်အစိုးရထံသို့ တရားဝင် အကူအညီတောင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA နှင့် AA အပါအဝင် မြောက်ပိုင်းညီ နောင် မဟာ မိတ် ၃ ဖွဲ့ က သိမ်းပိုက်ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ရရှိရေးအတွက် တရုတ်အစိုးရထံသို့ စစ်တပ်က အဆိုပြု တင်ပြထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခင်ဩဂုတ်လလယ်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က တရုတ်အစိုးရထံသို့ နှစ်နိုင်ငံကုန်သွယ်မှု လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်တွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ကျသော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်တပ်ထံသို့ ပြန်လည်ပေးရန် ကူညီဆောင် ရွက်ပေးရေးကို တရားဝင် တင်ပြ တောင်းဆိုထားကြောင်း သိရှိရသည်။

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ပြန်ပြီးတော့ မရရင် နှစ်နိုင်ငံ ကုန်သွယ်ရေးစဖို့ ခက် တယ်။ အဲဒါကြောင့် ကုန်သွယ်ရေးဇုန်ကို ပြန်လည်ရရှိဖို့ တရုတ်နိုင်ငံက ကူညီပေးဖို့ ဒီဘက်ကနေ အဆိုပြု တင်ပြထားတယ်။ ဒီကုန်သွယ်ရေးဇုန်ကို မရရင် နယ်စပ်ဒေသ တည် ငြိမ်ရေးအတွက် အနှောင့်အယှက်ဖြစ်နိုင်တယ်။ နှစ်နိုင်ငံ စီးပွားရေးကူးလူးဆက်ဆံဖို့လည်း အတားအဆီးဖြစ်နိုင်တယ်ဆိုတာမျိုး တရုတ်အစိုးရဆီကို တင်ပြထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လတ်တလော မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွင်းတွင်လည်း ရှမ်းမြောက်ပိုင်းဒေသ အရေး ထည့်သွင်းဆွေးနွေးမှုများရှိရာ လာမည့်ကာလအတွင်း မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်ကို ပြန်လည်ရရှိရေး အသေးစိတ် ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြောက်ပိုင်းနဲ့ ရှမ်းမြောက်ဒေသ အရေးအတွက် တရုတ်သမ္မတနဲ့ ထည့်သွင်းဆွေးနွေးတာရှိတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကိစ္စကိုလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ အသေးစိတ် ပြောဆိုတာတွေပါလာမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ပေးခြင်းမရှိဘဲ တရုတ်ဘက်မှ ဝင်လာသောကုန်ပစ္စည်းများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။

မင်းအောင်လှိုင်က ဩဂုတ်လ ၃၁ ရက်နေ့ တရုတ်ခရီးစဉ်တွင် လက်ရှိ နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၏ စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၃၂၀၀ ကျော်ရှိသည့်အနက် မူဆယ်-ရွှေလီနယ်စပ်ဂိတ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော် ကုန်စည်စီးဆင်းမှုရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဩဂုတ်လ ၃၀ ရက်နေ့ တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် နယ်စပ်ဒေသမှ လက်နက် ကိုင်အဖွဲ့များကို တရုတ်က ဖိအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေးအတွက် နယ်စပ်ဒေသ လက်နက်ကိုင် အဖွဲ့များကို တရုတ်နိုင်ငံက ဖိအားပေးဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး ရရှိတဲ့အခြေအနေများ တွေ့လာရမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု မင်းအောင်လှိုင်က တရုတ်သမ္မတရှီကျင့်ပင်ထံသို့ ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article