မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတို့တွင် သက်ဆိုင်ရာဒေသကြီး ၃ ခု၏ အစိုးရများ လူထုဆန္ဒနှင့်အညီ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးဖွင့်ပွဲ အခမ်း အနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ(မူကြမ်း) ကို ပဏာမ အဆင့် အတည်ပြုနိုင်မှုအတွက် NUG သို့ အသိပေးလာမှုအတွက် အထူးဝမ်းမြောက်ကြောင်း၊ မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများက တော်လှန်ရေးလုပ်ဆောင်ချက်များကို လူထုနည်းအားဖြင့် တရားဝင်မှု ကျယ်သထက် ကျယ်အောင်၊ ခိုင်မာသထက် ခိုင်မာအောင် လုပ်ဆောင်နေ သည်ဟု ယုံကြည်ကြောင်း ၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတို့တွင် ကြားကာလ အစီအမံများ အတည်ပြုပြီးနောက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ အပြိုင်းအရိုင်းပေါ်ပေါက်လာမည် ဟု မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။
“လက်ရှိ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဆိုတဲ့ ဒေသကြီး ၃ ခုမှာ သက်ဆိုင်ရာ ဖက်ဒရယ် ယူ နစ် အလိုက် ပေါ်ထွက်လာတဲ့ အစိုးရ အဖွဲ့တွေ အပြိုင်းအရိုင်း ဆက်လက်ပေါ်ပေါက်ဖို့ မျှော် လင့်ပါတယ်။ သိပ်မကြာခင် ကာလတွေမှာ ဒီဒေသကြီး ၃ ခုကနေ သက် ဆိုင်ရာ အစိုး ရအဖွဲ့တွေဟာ လူထုဆန္ဒနဲ့အညီ ပေါ်ထွက်လာမယ်လို့ လေးနက်စွာ ယုံကြည်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ဖက်ဒရယ်မူများနဲ့အညီ တော်လှန်ရေးကြီး တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ထွန်းပေါက် အောင်မြင်ရေးကို ရှေးရှုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ မပြတ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
နွေဦးတော်လှန်ရေးတွင် ဒေသန္တရအဆင့် အုပ်ချုပ်ရေးယန္တရားများ ခိုင်မာအားကောင်းစေရန် အတွက် အရေးကြီးကြောင်း၊ မန္တ လေး၊ စစ်ကိုင်းနှင့် မကွေးဒေသများတွင် လုပ်ဆောင်နေသည့် ကြားကာလ အစီအမံများသည် ဒေသန္တရအဆင့် အုပ်ချုပ်ရေးယန္တ ရား များ ခိုင်မာ အားကောင်းစေရန်၊ ပွင့်လင်းမြင်သာစေရန်နှင့် လူထု တရားဝင်မှု မြင့်မြင့်မားမားရလာစေရန် အတွက် ကောင်း မွန်သော လုပ်ဆောင်ချက်များဖြစ်ကြောင်း ယာယီသမ္မတက သုံးသပ်ပြောဆိုသည်။
ထို့ပြင် နွေဦးတော်လှန်ရေးကာလအတွင်း သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်း အကြား တွင်လည်း တော်လှန်ရေးအစေးကပ်မှု မြင့်မြင့်မားမား ဖြစ်ထွန်းစေရန် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ယာယီ သမ္မတဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
