29.2 C
Yangon

မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်စကားများရန်ဖြစ်သည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းကို အဂတိလိုက်စားမှု အမည် တပ်၍ စစ်တပ်က ပြန်ဖမ်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းကို အဂတိလိုက်စားမှု အမည်တပ်၍ စစ် တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ခုနှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းကို စစ်တပ်က ပြန်လည် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သည့် ကိစ္စမှာ ပြည် သူ့စစ်(ခေါ်) ပျူစောထီးများ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ တိုင်းမှူးနှင့် သဘောထားကွဲလွဲ ရန်ဖြစ်ခဲ့ကြပြီးနောက် အဂတိလိုက်စားမှု အမည် တပ်၍ စစ်တပ်က တိုင်းစစ်ဦးစီးချုပ်ကို ပြန်လည် ဖမ်းဆီးသွားခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

“အဓိကကတော့ ပြည်သူ့စစ် G1 ကြီးနဲ့ ပြဿနာတက်တယ်လို့ သိတယ်။ ဒီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းက တော်တော်တော့ ကြာပြီ။ အရင် ဗိုလ်ချုပ်သန်းထိုက်လက် ထက်ကတည်းက ။ အခု မင်းအောင်လှိုင် သွားနေတုန်းမှာ ဖြစ်တာဆိုတော့ နည်းနည်းတော့ ထူးဆန်းနေတယ် အဓိကကတော့ ပြည်သူ့စစ်ကိစ္စနဲ့ ညှိတာလို့တော့ ကျွန်တော်တို့ လော လောဆယ် အကြမ်းဖျဥ်းတော့ သိရတယ်ဗျ။ ပြည်သူ့စစ်ကိစ္စနဲ့ဆိုတော့ လောလောဆယ်တော့ စစ်တပ်က အဂတိမှုလို့တော့ ဆွဲထားတယ်ပေါ့နော် အဲဒီလိုမျိုး အနေအထားပါ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကျော်စွာဝင်း နှင့် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့အကြား စစ်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး အမြင်သဘောထားမတူညီဘဲ ကွဲလွဲကြရာမှ ပြဿနာတက်ကြကြောင်း၊ ဗိုလ်မှူးချုပ် ကျော်စွာဝင်းက ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို လက်နက်ချ အညံ့ခံခဲ့သော စစ်သုံ့ပန်း ဘ၀မှ တိုင်းမှူးဖြစ်လာသူဟု နှိမ်၍ ပြော ဆိုခဲ့ရာမှ ပြဿနာမှာ ပိုမိုကြီးထွားခဲ့ကြောင်း သိရှိရသည်။

“ကြားရတာကတော့ တိုင်းမှူးနဲ့ ပြဿနာတက်ကြတာ။ စစ်ကိုင်းထဲမှာ စစ် ဆင်ရေးကိစ္စတွေ တိုင်းစစ်ဦးစီးချုပ်က အဓိက စီမံခန့်ခွဲတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေ စစ်ဆင်ရေးမှာ သုံးတဲ့ကိစ္စတွေမှာ အမြင်မတူကြဘဲ မင်းဘာလဲ၊ ငါဘာလဲ ဖြစ်ကုန်တာ။ အဲဒီမှာ တိုင်းစစ်ဦးစီးချုပ်ကလည်း တိုင်းမှူးကို နှိမ်ပြီးတော့ ပြောတယ်။ တိုင်းမှူးက လားရှိုး MNDAA ဆီမှာ လက် နက်ချပြီးမှ ပြန်လွတ်လာတဲ့သူ။ အဲဒါကို တိုင်းစစ်ဦးစီးချုပ်က နှိမ်ပြီးပြောတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သည်။

၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်နေ့ကိုးကန့် (MNDAA)နှင့် ပူးပေါင်းတပ်များက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည့် လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း ကိုးကန့်MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ လားရှိုးတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article