26.9 C
Yangon

မြန်မာစစ်တပ်က ကလေးငယ်များအပေါ် ကြီးလေးသော ရာဇဝတ်မှုများ ချိုးဖောက်ကျူးလွန်နေသည့်အပြင် တပ်သားအဖြစ် စုဆောင်းအသုံးချနေမှု ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မြန်မာစစ်တပ်က ကလေးငယ်များအပေါ် ကြီးလေးသော ရာဇဝတ်မှုများ ချိုးဖောက်ကျူးလွန်နေသည့်အပြင် တပ်သားအဖြစ် စုဆောင်းအသုံးချနေမှုများကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေ (United Nations Children’s Fund – UNICEF) အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၅ ခုနှစ်ဆိုင်ရာ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး တွင် သံအမတ်ကြီးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က ကလေးငယ် ၂,၀၉၃ ဦးအပေါ် ကြီးလေးသော ရာဇဝတ်မှု ၂,၇၉၉ မှု ချိုးဖောက်ထားပြီး ၁,၁၇၁ ဦးကို တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးချခြင်းတို့ကိုလည်း ကုလသမဂ္ဂက အတည်ပြု ထားကြောင်း၊ ဖြစ်စဉ်အရေအတွက် အတိအကျမှာ ထို့ထက် မြင့်မားနိုင်ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်တပ်က ကလေးငယ်များ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် စစ်မက်ကျူးလွန်နေ ခြင်းက မြင့်တက်နေပြီး ဆက် လက်ဖြစ်ပွားဆဲဖြစ်ကြောင်း၊ အကျပ်အတည်း၏ ဒဏ်ကို ကလေးငယ်များက ခါးစည်းခံနေရပြီး ၎င်းတို့၏ အခြေအနေမှာ ဆိုး ရွားလျက်ရှိကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ် တည်း၌ပင် စစ်တပ်က ကလေးငယ် ၂၄၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ယင်းမှာ အရပ်သား ပြည်သူ သေဆုံးမှုစာရင်း၏ တစိတ်တပိုင်းဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကလည်း အသက် ၂ နှစ်အထိ ငယ်ရွယ် သည့် ကလေးငယ်များ အပါအဝင် ကလေးငယ်များကို ပစ်မှတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းများပြုမှုကို သက်သေများဖြင့် မှတ်တမ်းထားရှိကြောင်း၊ မြန်မာစစ်တပ်က ပဋိပက္ခအတွင်း ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုများ ချိုးဖောက်မှုကြောင့် ကုလသမဂ္ဂ၏ “list of shame” တွင် ထည့်သွင်းခံထားရကြောင်း သိရှိရသည်။

ထို့ပြင် ကလေးငယ်များမှာ မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် ပေါက်ကွဲလွယ်သော ပစ္စည်းများကြောင့် အဓိက ထိခိုက်နစ်နာသူများဖြစ်ကြောင်း၊တစ်ဖက်တွင်လည်း ကလေးငယ်များသည် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေ မလုံလောက်မှု၊ နေရပ်စွန့်ခွာစဉ် ကျန်းမာရေးစောင့်ရှောက်မှု မလုံ လောက်မှုတို့ကြောင့် ဒုက္ခခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံမှ ကလေးငယ် ၁ သန်းကျော်မှာ ၎င်းတို့အတွက် အရေးကြီးသည့် ကာကွယ်ဆေးထိုးခြင်းများ လုံးဝရယူနိုင်ခြင်းမရှိသဖြင့် ကာကွယ်၍ရသော၊ သေစေနိုင်သည့် ရောဂါများကြောင့် အန္တရာယ်ရှိ နေကြောင်း၊သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် အလေးထား အာရုံစိုက်မှု၊ မဆုတ်မနစ် အတူတကွရပ်တည်ပေးမှု၊ အဓိကအားဖြင့် ထိရောက်ခိုင်မာသော လုပ်ဆောင်ချက်များ အချိန်မှီ ချမှတ်ပေးခြင်းတို့ လုပ်ဆောင်ပေးရန် အထူးလိုအပ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

UNICEF အနေဖြင့် ၎င်း ၏ ထိရောက်သော အခန်းကဏ္ဍ ကို အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် ကလေးငယ်များ အပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးကို တောင်းဆိုပေးရန် နှင့် ဤ အကြမ်းဖက်မှုများ ရပ်တန့် ရေး အတွက် ပံ့ပိုးပေးရေးအတွက် နိုင်ငံတကာအသိုက်အဝန်း ကို လည်း တောင်းဆို ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာအရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် တိုက်တွန်းလိုကြောင်း၊ စစ်တပ်၏ လေကြောင်းအသုံးပြု တိုက်ခိုက်နိုင်သည့် စွမ်းရည်အား ဖျက် သိမ်းနိုင်ရန် လေယာဉ်ဆီ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးအား ပြုလုပ်ရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား အမြတ်ပြတ် ချုပ်ငြိမ်းစေ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ကလေးငယ်များ ဘေးကင်းလုံခြုံစွာ​နေထိုင်နိုင်ရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား အဓမ္မ စစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article