ရခိုင်ပြည်နှင့်အစပ် ပဲခူး၊ ဧရာ၀တီ၊ မကွေးအပြင် စစ်တွေနှင့်ကျောက်ဖြူ တိုက်ပွဲများတွင် စစ်သားအလောင်းများစွာနှင့် လက်နက်ခဲယမ်းများရရှိ
ရန်ကုန်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေတချို့ကို ပြန်သိမ်းနိုင်သော အောင် မြင်မှု အနည်းငယ်ရရှိလာချိန် စိတ်ကြီးဝင် ဘဝင်မြင့်နေသော စစ်တပ်ကို ခွေးပြေးဝက်ပြေးဖြစ်အောင် AA က တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်က စိတ်ဓာတ်ပျက်ပြားကာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်ပြေးလိုစိတ်သာထက်သန်နေချိန် စိတ်ဓာတ်မြှင့်တင်ရေးအတွက် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံး ဗျူဟာဖြင့် ထိုးစစ်ဆင်လာကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လဆန်းစမှ အရှိန်မြှင့်ကာ တော်လှန်ရေးလက် နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါသောနေရာများကို ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ အချို့သောနေရာများတွင် စစ်တပ်က အောင် မြင်မှု အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ရှမ်းမြောက်ဒေသအတွင်းမှ ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်ပြီး ယုံကြည်မှုလွန်ကဲနေသော ၎င်းတို့၏ အနိုင် ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများကို အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့် စစ်မြေပြင်နေရာများသို့ ရွှေ့ပြောင်းကာ ထိုး စစ်ဆင် တိုက်ခိုက်လာကြောင်း၊ သို့ရာတွင် အာရက္ခတပ်တော်၏ ခုခံစစ် နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာ အရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး AA ကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်၏ စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၄ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ-ဆလအခွဲ ၉၄၄ မှတပ်ဖွဲ့ဝင်များ ပူး ပေါင်းပါဝင်သော စစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး စကခ ၁၇ လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းအတွင်း စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ ၉၉ တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ ၉၉ လက်အောက်ခံ၊ ခမရ ၁၀၉ မှာ မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေသည်ကို အမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့် ပြုလုပ်နေသည်မှာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ အသက် ၄၆ နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးကို မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် အခြားစစ်သား ၁၇ ဦးတို့နှင့်အတူ AA က လက်ရဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းနှင့်ရခိုင်ပြည်အစပ်တွင်လည်း စကခ ၁၄ မှ တပ်ရင်းများတွင် စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကို အသုံးပြုထိုးစစ်ဆင်လာကြောင်း၊ စစ်အင်အား ၁၅၀၀ ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်များကို ဆက်တိုက်ပြုလုပ်လာသောကြောင့် ပဲခူး-ရက္ခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဆင်လမ်ကျေးရွာအနီးတွင် လည်းကောင်း၊ ညောင်ကျိုးကျေးရွာအနီး တောင်ကြောတွင် လည်းကောင်း၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာ ပတ်ဝန်းကျင်တွင်လည်းကောင်း စစ်တပ်က AA ကို နေ့တိုင်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများအပြင် တိုက်ပွဲနှင့်ဆက်စပ်နေသော အခြားသော နေရာများ၌ပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်၊ စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရေးအတွက် AA ကို ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန်ပြန် ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့ရလျက်ရှိကြောင်း AA က သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သော အာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည် အာရက္ခပြည်သူတစ်ရပ်လုံး မျှော် မှန်းထားသော ရည်မှန်း ချက်များဖြစ်ကြောင်း၊ ရည်မှန်းချက်များ အလုံးစုံအကောင်အထည်ဖော်တိုက်ပွဲများသည် ယခုဆိုလျှင် ၂ နှစ်နီးပါးသို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း အနည်းငယ်သော လက်ကျန်ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲပြီး အာရက္ခပြည်သူ လူထုတစ်ရပ်လုံး ရည်မှန်းထာသော ရည်မှန်းချက်များ အလုံးစုံအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း AA က ကြေညာထားသည်။


