ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ပြည်သူ့ဆေးရုံကို စစ်တပ်က ကာမိကာဇေအသေခံဒရုန်းဖြင့် ဗုံးကျဲချခဲ့ကြောင်း လေ့းကေ့ကော်အခြေစိုက် ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညသန်းခေါင်ယံအချိန် ည ၁၂ နာရီဝန်းကျင်အချိန် လေးကေ့ကော်ပြည်သူ့ဆေးရုံကို စစ်တပ်က အသေခံကာမိကာဇေဒရုန်းဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လူထိခိုက်မှုမရှိဘဲ ဆေးရုံအဆောက် အအုံ ပျက်စီးသွားခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
“မနေ့ည သန်းခေါင်ယံအချိန်လောက်မှာ လေးကေ့ကော်ဆေးရုံကို ကာမိကာဇေနဲ့ ဗုံးကျဲသွားပါတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး။ ဆေးရုံအဆောက်အအုံကတော့ ပျက်စီးသွားပါတယ်။ လူနာတွေလည်းမရှိပါဘူး” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော စစ်တပ်က အာရှလမ်းနှင့် သင်္ဃန်းညီနောင်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန် ရေးတပ်များ စခန်းတချို့ ဆုတ်ခွာရမှုများရှိကြောင်း၊ စစ်တပ်က အသေခံဒရုန်းများ၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်တိုက် လုပ်ဆောင်ပြီး မြ၀တီမြို့နယ်၊ အာရှလမ်း ပြန်လည်ရရှိရေး၊ သင်္ဃန်းညီနောင်ကို သိမ်းပိုက်ရေး၊ မြ၀တီမြို့သို့ စစ်ကူအင်အားများ ရောက်ရှိရေး အကြီးအကျယ် ထိုးစစ်ဆင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ဘက်ရှိ DKBA ထိန်းချုပ်ထားသော ကျောက်ခတ်ကျေးရွာဆေးရုံဟောင်းကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးကျဲမှုကြောင့် အဆောက် အအုံပျက်စီးသွားခဲ့ကြောင်း၊ ပြည်သူများမှာ ယင်းဆေးရုံဟောင်းတွင် ဆေးကုသမှု မရှိတော့သည့်အတွက် မည်သည့်ထိခိုက်မှုမှ မရှိကြောင်း သိရှိရသည်။



