26.9 C
Yangon

ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို၊ ပခုက္ကူ ကမ္မမြို့ရဲစခန်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short Range Missile ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး လူနာ တင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် ခလရ -၁၃ ထဲ၌ ရောက်ရှိနေသည့် ပေါက်မှ ရိက္ခာပို့ပြန်လာသော မော်တော်ယာဉ် အစီး ၉၀ အနက် အချို့ယာဉ်များလည်း ထိမှန် ပျက်စီးကာ မောင်းနှင်၍ရသော မော်တော်ယာဉ်များကို ညတွင်း ချင်း ကျောက်ပန်း‌တောင်း မြို့ကို ဦးတည်၍ သုတ်ခြေတင်မောင်းနှင်သွားကြောင်း သိရသည်။

အလားတူ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းတို့ကို ရှော့ တိုက်ဒုံး -Short Range Missile ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး Error ဖြစ်ပြီး ၆ လုံးမှာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်း ပေးနေတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေ ထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားလည်းဆိုတာကို သိနိုင်တယ်။” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦးမှ Cyrus က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ ဦးကျော်ရှိကာ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကိုလည်း ညတွင်းချင်း ခိုးကြောင် ခိုး ဝှက်ဖြင့် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးနှင့် ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက် ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက် မှုတွေရှိလာ နိုင် လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန် ရေးတပ်ဦးမှ Cyrus က ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Three Brother Defense Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကမ္မမြို့ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ကမ္မမြို့ပေါ် ကင်းပတ်ပြီး ပြည်သူများကို ဆဲဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စခနှစ်ကောင်သေဆုံးမှုရှိပါတယ်။ စစ်ခွေး အင်အားက ၈၀ ဝန်းကျင်တော့ရှိမယ်။ အရင်ကားတန်းကချန်ခဲ့တာပဲရှိတာ။ “ဟု Three Brother Defense Force မှတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Kamma Revolution Force ၊ Three Brother Defense Force-TBDF (ကမ္မတပ်ပေါင်းစု) နှင့် PDF Kamma(ကမ္မတပ်ပေါင်းစု) စသည့်အဖွဲ့များတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article