31.6 C
Yangon

သဲကုန်းတွင် စစ်တပ် စစ်ကြောင်းထိုးရန် လမ်းပြ ခေါ်ဆောင်ခဲ့သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် လမ်းပြ ခေါ်ဆောင်ခဲ့သူ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တပ် စစ်ကြောင်းကို လမ်းပြအဖြစ် လုပ်ဆောင်ခဲ့သော ရုံးပင်တက်ရွာမှ မိုးဆွေ နှင့် ချောကြီး တို့ လင်မယားကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံး သွားသော မိုးဆွေနှင့် ချောကြီး တို့ လင်မယား ၂ ဦးသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းပြလုပ်၍ ခေါ်ဆောင်လာခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ တည်နေရာများကို သတင်းပေးခြင်း၊ မိုင်းကွင်းထောင်သည့် နေရာများကို လိုက်လံ ပြသခြင်းများ လုပ်ဆောင်နေသောကြောင့် အကြိမ်ကြိမ် ခေါ်ယူသတိပေးထားသော်လည်း လိုက်နာခြင်းမရှိကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဩဂုတ်လ အတွင်း စစ်ကြောင်း ၃ ကြိမ် ထိုးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများကို မတရား သိမ်းဆည်းယူဆောင်ခြင်း၊ စစ်မှုထမ်း ဥပဒေဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းကို လမ်းပြ မလုပ်ဖို့ အကြိမ်ကြိမ် ခေါ်ယူ သတိပေးခဲ့မယ့် သူတို့ လင်မယားက ဆက်လက် လုပ်ဆောင်ပါတယ်။ ကျနော်တို့က သူတို့ ၂ ဦးကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးလာတုန်း ခုခံ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးတာ ၂ ဦးလုံးသေဆုံးခဲ့တယ်” ဟု ပြည်ခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက် ၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သဲကုန်းမြို့နယ် အတွင်းရှိ ရုန်းပင်တက်ရွာ၊ ဓားသွေး ကျောက်ကျေးရွာ ၊ သရက်ကိုင်းကျိုး ရွာ ၊ ဘိုကုန်းရွာ နှင့် ကြက်ခွဲရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article