မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဆိပ်သာရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေက တိမ်းရှောင်နိုင်ခဲ့တဲ့ ထိခိုက်မှုတော့မရှိဘူး။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးတာများတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း တောစပ်ကို ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း၊ သို့သော် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မြိုင်နဲ့ ပေါင်မြို့နယ် အစပ်ကို စစ်ခွေးတွေ လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပေမယ့် စစ်ခွေးတွေ လေကြောင်း တိုက်တာတွေဆက်လက် လုပ်ဆောင်လာမှာကို စိုးရိမ်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ကျော်ခန့်မှ ၇ နာရီထိ အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ အနီးတစ်ဝိုက်ကို ၈ ကြိမ်ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ရုံးစည်ကြီးရွာ အနီးတစ်ဝိုက်၌ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက တပ်စွဲထားသောကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူး။ နောက်ပြီး စစ်ခွေး စစ်ကြောင်းကလည်း ရုံးစည်ကြီးရွာတောင်ဘက်မှ တပ်စွဲထားတော့ ပြည်သူတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။


