ရန်ကုန်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သစ်ဆိပ့်ရွာ စာသင်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သစ်ဆိပ့်ရွာစာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်းမှာ ဝက်လက်မြို့နယ်ထဲက စစ်ရှောင်တွေနေထိုင်တဲ့ သစ်ဆိပ့်ရွာ စာသင်ကျောင်းကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကျဲသွားတာ မနေ့ကလည်း Y-12 နဲ့ ဗုံးကျဲလို့ ပြည်သူ ၄ ဦး သေဆုံးသွားတဲ့ နေရာကို ထပ်ကျဲတာ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်လာမှာကို စိုးရိမ်လို့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေလို့ ထိခိုက်မှုမရှိတာလို့ သိရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာ ၊ အင်ဒေါင်းရွာ ၊ ရုံပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာ နှင့် တပ်သာရွာတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိကြောင်းသိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အမှတ် ၃ ခရိုင်ချင်းဆက် လမ်းရှိ နေအိမ်များကို မီးရှို့နေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ အရှေ့ခြမ်းရှိ တိုက်ရွာအပေါ်ရွာနှင့် အမှတ် ၃ ခရိုင်ချင်းဆက် လမ်းပိုင်းရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ကျော်ထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“ဝက်လက်မြို့နယ် အရှေ့ခြမ်း တိုက်ရွာအပေါ်ရွာနဲ့ အမှတ်-၃ ခရိုင်ချင်းဆက် လမ်းပိုင်းက နေအိမ်တွေကို စစ်ခွေးတွေက မီးရှို့ဖျက်စီးနေတာပါ။ စစ်ခွေးတွေကလည်း လက်နက်ငယ်တွေနဲ့ ရမ်းပြီးပစ်နေတယ်။ ပြည်သူတွေ ထိခိုက်မှုတော့မရှိဘူး။ အကုန်ကြိုပြီး ရှောင်နိုင်ခဲ့တယ်။ ပြည်သူတွေ အနေနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို အသုံးမပြုဖို့ မေတ္တာရပ်ခံချင်တယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် Wetlet Informational Network က အသိပေး ပြောဆိုထားသည်။


