ရန်ကုန်၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် သေဆုံးသူ ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးထိရှိလာပြီး ဒဏ်ရာရသူများထဲတွင်လည်း ၆ ဦး စိုးရိမ်ရကြောင်း ရခိုင်အရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းကို လေယာဉ်ဖြင့် ဗုံး ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးနှင့် အမြင်သစ် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသူများသည် Greade 10 မှ 12 တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း ကိုယ်ပိုင် အထက်တန်းကျောင်းအနီးရှိ နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ပြည်သူ ၂၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၆ ဦးသည် စိုးရိမ်ရကြောင်း သိရသည်။
“သေဆုံးသူ ၁၉ ဦးလုံးက ကျောင်းသားကျောင်းသူတွေကြီးပါပဲ။ ဒဏ်ရာရသူ ၂၁ ဦးကတော့ ကျောင်းသားနဲ့ အရပ်သား ပြည်သူတွေပါ။ ဒဏ်ရာရသူတွေထဲမှာလည်း ၆ ဦးကိုကတော့ စိုးရိမ်ရပါတယ်” ဟု ရခိုင်အရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင် က ပြောဆိုသည်။


