30.2 C
Yangon

မော်လမြိုင်ကျွန်းမြို့နယ်၊ နတ်မှူးကျေးရွာအုပ်စုတွင် ရာအိမ်မှူးစိန်မြင့်နှင့်အဖွဲ့၏ အုပ်စုဖွဲ့ ရိုက်နှက်မှု​ကြောင့် ကျေးရွာသား ကိုဝင်းထွန်းဦးသေဆုံးပြီး ရဲက သတ်ဖြတ်သူများကို အရေးမယူဘဲ တိမ်းရှောင်ခွင့်ပေးထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နတ်မှူးကျေးရွာအုပ်စု၊ ရွှေကျေးလေးကျေးရွာတွင် ရာအိမ်မှူးစိန်မြင့်နှင့်အဖွဲ့၏ အုပ်စုဖွဲရိုက်နှက်မှု​ကြောင့် အရပ်သား ပြည်သူ ကိုဝင်းထွန်းဦးသေဆုံးပြီး ရဲက သတ်ဖြတ်သူများကို အရေးမယူဘဲ တိမ်းရှောင်ခွင့်ပေးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ရွှေကျေးလေးကျေးရွာမှ ရာအိမ်မှူး စိန်မြင့်နှင့် တပည့်များဖြစ်သူ စိုင်းမြသူ၊ မြင့်အေး၊ တင့်လွင်တို့က ရွာသားဖြစ်သူ ကိုဝင်းထွန်းဦးတို့ စကားများခဲ့ကြရာတွင် ကိုဝင်းထွန်းဦးကို ၀ိုင်းဝန်း ချုပ်နှောင်ကြိုးတုပ်၍ လက်သီးနှင့်ထိုးခြင်း၊ ဦးခေါင်းကို တိုင်နှင့်စောင့်ခြင်းများ အပါအဝင် ညှဉ်းပန်းနှိပ်စက်ခဲ့ကြကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိနေသော ကိုဝင်းထွန်းဦးကို ပစ်ထားခဲ့ကြသဖြင့် မိသားစုများနှင့်ကျေးရွာသူကျေးရွာသားများက ဆေးကုသပေးရန် အိမ်သို့ ပြန်လည် ခေါ်ဆောင် ခဲ့ကြကြောင်း၊ ထို့နောက် ဆေးကုသပေးနေစဉ် ကိုဝင်းထွန်းဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း ၊ ကိုဝင်းထွန်းဦး သေဆုံးပြီးနောက် ရဲက သတ်ဖြတ်သူများဖြစ်ကြသည့် ရာအိမ်မှူး စိန်မြင့်နှင့် ၎င်း၏ တပည့်များဖြစ်သူ စိုင်းမြသူ၊ မြင့်အေး၊ တင့်လွင်တို့ကို အရေးမယူဘဲ ကျေးရွာမှ တိမ်းရှောင်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

“ဒီလူတွေ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ လူသတ်အနိုင်ကျင့်တဲ့သူတွေ။ ရွာက လူတွေကလည်း သူတို့ကိုကြောက်လို့ တခွန်းမှ မဟရဲကျပါဘူး။လုပ်ပြီးပြီးချင်းတော့မရှောင်ဘူး၊ ကိုဝင်းထွန်းဦးဆုံးမှ ရှောင်ပြေးကြတာ” ဟု သေဆုံးသူ၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောဆိုသည်။

လူသတ်မှုကျူးလွန်သူ ရွှေလေးကျေးရွာ ရာအိမ်မှူး စိန်မြင့်နှင့် တပည့် စိုင်းမြသူ၊ မြင့်အေး၊ တင့်လွင်တို့သည် ရွာသားများကို အမြဲအနိုင်ကျင့် ကြသူများဖြစ်ကာ လစဉ် စစ်မှုထမ်း အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်‌‌ကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

သေဆုံးသူ ကိုဝင်းကိုဦးသည် အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့်အတူ အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၀ နှစ်အရွယ် သမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သေဆုံးသူ၏ဆွေမျိုးများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article