30.7 C
Yangon

ကျောက်မဲမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို ရောက်ရှိသော စစ်ကြောင်းသည် ကျောက်မဲမြို့ကို စစ်ကြောင်းထိုးလာ၍ အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး လက်ရှိချိန်ထိ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်းများဖြင့် ဦးတည် တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့နယ်၊ တောင်ဆေးလိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းကလည်း နမ့်စော့ရွာရှိ ဗြုံးကျင်းတောင်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဇီးပင်စခန်းရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ပိုင်းကလည်း ကောင်းမူးလျန်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ခိုက်တုန်ဟုန်းရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ဆက်တိုက် ပြင်းထန်နေတယ်။ နေ့စဉ် တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေးတွေက တိုက်ပွဲ မဖြစ်တဲ့ နေရာတွေကိုပါ ဒရုန်းတွေ လေယာဉ်တွေနဲ့ ဗုံးကျဲ နေတာ ပြည်သူတွေကတော့ ရွာထဲမှာ မနေရဲတော့လို့ ရွာလုံးကျွတ်ကို ပြေးနေရပြီး ပြည်သူတွေ ထိခိုက်မှုမရှိနိုင်ဖူးလို့တော့ ထင်တယ်။ အကုန်လုံးတိမ်းရှောင်နေရတယ်။ နေအိမ်တွေကတော့ အများအပြားကို ပျက်စီးတယ်” ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် ကျောက်မဲမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပေါ်တွင်လည်း လူသွားလူလာ မရှိတော့ဘဲ တိတ်ဆိတ် နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article