ရန်ကုန်၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များ သေဆုံးသည့်အပေါ် ကုလသမဂ္ဂ UNICEF က အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်သော်လည်း တိုက်ခိုက်သည့် စစ်တပ်ကို အမည်ပင် မဖော်ပြရဲသည်ကို မြင်တွေ့ရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်းကို ညတွင်းချင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် သတင်းများကြောင့် UNICEF က လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ကလေးငယ်များမှာ အိပ်ပျော်နေစဉ် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကလေးများနှင့် မိသားစုများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးများစွာ ဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် အဆင်အခြင်မဲ့သော တိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများ တိုးလာနေကြောင်း၊ အကြောက်တရားများ ကြီးထွားလာပြီး မိသားစုများ ဆုံးရှုံးနေရကြောင်း၊ မိသားစုများ ခံစားနေရသော ဆင်းရဲဒုက္ခများကို နက်ရှိုင်းစေကြောင်း၊ ကလေးများမှာ ၎င်းတို့ကို အကာအကွယ်ရရှိသင့်သည့် နေအိမ်၊ ကျောင်းနှင့်ပတ်ဝန်းကျင်များတွင် အသက်ဆုံးရှုံးနေကြရကြောင်း UNICEF က ပြောသည်။
ပြင်းထန်လာသော အကြမ်းဖက်မှုများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုများကြော့် ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ မိသားစုများသည် ဆိုးဝါးသော အခက်အခဲများနှင့် ကြုံတွေ့နေရပြီး စားနပ်ရိက္ခာများ လျော့နည်းလာကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အရေးကြီးသော အသက်သွေးကြောများ ပြိုလဲပျက်စီးနေကြောင်း UNICEF က ထောက်ပြသည်။
ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမည်ဖြစ်ပြီး ကျောင်းများ၊ အဆောင်များ၊ အိမ်များနှင့် ကလေးများအတွက် နေရာများမှာ အချိန်တိုင်း ဘေးကင်းလုံခြုံနေရမည်ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသောအဖွဲ့များအနေဖြင့် ကလေးသူငယ်များအပါအဝင် အရပ်သားများကိုကာကွယ်ရန်၊ အရပ်ဘက်အခြေခံအဆောက်အအုံများကို ကာကွယ်ရန်နှင့် အရေးပေါ်လိုအပ်နေသူများအား အသက်ကယ်တင်နိုင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရရှိရန် နိုင်ငံတကာဥပဒေအရ ၎င်းတို့၏တာဝန်ဝတ္တရားများကို လိုက်နာရမည်ဖြစ်ကြောင်း UNICEF ကတိုက်တွန်းသည်။
သို့ရာတွင် UNICEF က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးသေဆုံးခဲ့ရပြီး ၂၂ ဦးအထိ ဒဏ်ရာရရှိခဲ့မှုအတွက် အဓိက တိုက်ခိုက်သူဖြစ်သော စစ်တပ်ကို အမည်ပင် ဖော်ပြခြင်းမပြုသည့်အပြင် ဝေဖန်မှုလည်း လုပ်ဆောင်ခြင်းမရှိသည်ကို မြင်တွေ့ရသည်။
