26.3 C
Yangon

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် CTUM ၏ အမည်၊ တံဆိပ်နှင့် အလံကို စစ်တပ်က ခိုးယူသုံးစွဲမှု တိုင်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် CTUM ၏ အမည်၊ တံဆိပ်နှင့် အလံ ခိုးယူသုံးစွဲမှုအတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီသို့ တိုင်ကြားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဌာနတွင် စာတင်ထားကြောင်း CTUM အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်တွင် ၎င်းတို့၏ လက်ပါးစေများဖြင့် တက်ရောက်ရန် ကြိုးပမ်းနေပြီး အဆိုပါ ကြိုးပမ်းမှုအတွက် အာဆီယံအလုပ်သမားသမဂ္ဂများကောင်စီက ကန့်ကွက်ကြောင်း စာထုတ်ထားကြောင်း CTUM အဖွဲ့က ပြောသည်။

“စစ်တပ်ကနေပြီးတော့ပေါ့နော် ကမကထလုပ်ပေးလိုက်ပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ အမည်၊ တံဆိပ်၊ အလံတွေကို ခိုးပြီးတော့ သုံးတဲ့လူကို အလုပ်သမား ကိုယ်စားလှယ်လို့ လွှတ်လိုက်တာကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကကော ၊ အာဆီယံနိုင်ငံများမှာရှိတဲ့အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကရော လက်မခံဘူးဆိုတဲ့ စာကို ထုတ်ထားပါတယ်။ ဒီ့အပြင်ကို ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ် တာဝန်ရှိတဲ့လူကလည်း လက်မခံဘူးလို့ ပြောထားပါတယ်။ ခိုးယူမှုအတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ကျွန်တော်တို့က တိုင်ကြားထားပါတယ်။ တိုင်ကြားထားပြီးတော့ ရှေ့နေများကောင်စီက ကျွန်တော်တို့ရဲ့ ဥပဒေအကြံပေးအနေနဲ့ ဒီအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီတရားရေးဌာနမှာ စာတင်ထားပါတယ်။ စာတင်ထားတဲ့အတွက်ကြောင့်လည်း အမှုနံပါတ်တွေ ဘာတွေက ထွက်ပါပြီ။ အဲ့ဒါကိုကျတော့ ပြည်တွင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းမှာရှိတဲ့ တရားရုံးတွေကနေတစ်ဆင့် လုပ်စရာလုပ်ငန်းတွေကို ဆက်လက်ပြီးတော့ လုပ်ဆောင်ဖို့ကို ကျွန်တော်တို့က ဆွေးနွေးလိုပါတယ်။ နောက်ပြီးတော့လည်း အပြည်ပြည်ဆိုင်ရာမှာလည်း ကျွန်တော်တို့ကတော့ ဒီအလုပ်သမားသမဂ္ဂတွေကိုတော့ ဒီအစုအဖွဲ့ကို လက်မခံဖို့ဆိုတာကို ကျွန်တော်တို့ အကြောင်းကြားနေပါတယ်” ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် CTUM ၏ ဗဟိုကော်မတီဝင် ၂၇ ဦးကို ဝရမ်း ထုတ်ထားပြီး Passport များကိုလည်း သိမ်းဆည်းထားသည့်အတွက် CTUM အဖွဲ့ဝင်များအနေနှင့် ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အာဆီယံ ဖိုရမ်သို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း CTUM အဖွဲ့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် လက်ရှိတွင် ယခင် CTUM အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသူများနှင့် CTUM အမည်၊ တံဆပ်၊ အလံကို ခိုးယူ၍ အပြည်ပြည်ဆိုင်ရာတွင် တရားဝင်မှုရရှိရန် ကြိုးပမ်းနေကြောင်း၊ အကြမ်းဖက်စစ်တပ်က အလုပ်သမားကိုယ်စားလှယ်အဖြစ် စေလွှတ်မည့်သူများတွင် CTUM မှ ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက တရားဝင်နုတ်ထွက်စာတင် ထွက်သွားသည့် ကိုသောင်းညွှန့်၊ အာဏာမသိမ်းမီကတည်းက ပျက်သွားသည့် သမဂ္ဂဖြစ်သည့် ပလတ်စတစ်သမဂ္ဂအဖွဲ့မှ ကိုမျိုးဇော်တို့ အပါအဝင် ယခင်က CTUM တွင် ပါဝင်ခဲ့ဖူးသော်လည်း လက်ရှိတွင် သက်ဆိုင်ခြင်းမရှိသော သူများကို စေလွှတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်အုပ်စုက သူတို့ကို ပေးစရာရှိတာပေး ကျွေးစရာရှိတာ ကျွေးပြီးတော့ ဒီ အလုပ်သမားထုတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ အပြည်ပြည်ဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်အောင် ကြိုးစားတဲ့ကိစ္စမှာ အားလုံးတွေဝေပြီး မသွားပါနဲ့။ လက်ခံစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ လက်မခံပါဘူး အပြည်ပြည်ဆိုင်ရာ လုပ်ငန်းသမဂ္ဂလည်း လက်မခံပါဘူး။ နောက်ပြီး နိုင်ငံ နာမည်ပျက်တာပဲရှိမယ်။ လုပ်ငန်းသမဂ္ဂတွေ နာမည်ပျက်တာပဲရှိပါမယ်။ ဒါကြောင့်မလို့ လက်နက်အားကိုးပြီးတော့ အတင်းဖိခိုင်းလို့ လုပ်ရပါတယ်ဆိုတဲ့ အဖြေမျိုးတော့ ကျွန်တော်တို့လက်မခံပါဘူး။ ရှောင်ထွက်သွားပါ။ ကျွန်တော်တို့လည်းရှောင်ထွက်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို လုပ်တာဖြစ်တယ် ။ အားလုံးရှောင်ထွက်သွားပါ ။ ဒီသေနတ်ကိုင်တဲ့လူတွေကို ကျွန်တော်တို့က စနစ်ပြောင်းချင်တယ်ဆိုရင်တော့ လုံးဝ ငြင်းပယ်မှ ရမယ်။ ငြင်းပယ်လို့မရရင်တော့ ရှောင်ထွက်သွားပါ။ ပြန်တိုက်ပါ ၊ ပြန်တိုက်လို့မရရင်ရှောင်ထွက်သွားပါလို့ ကျွန်တော်တင်ပြချင်ပါတယ်ခင်ဗျ” ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article