30.8 C
Yangon

လှိုင်သာယာမြို့နယ်တွင် အနောက်ပိုင်းဥက္ကဋ္ဌ ထွန်းထွန်းလင်းနှင့် အရှေ့ပိုင်းဥက္ကဋ္ဌ အောင်ဘော်တို့က စစ်မှုထမ်း ပေါ်တာဆွဲရန် လူမိုက်နှင့်ပျူစောထီး အဖွဲ့ ၁၀ ခုထက်မနည်းကို စေလွှတ်ထား၊ စစ်မှုထမ်းလူငယ် ၁ ဦးလျှင် သိန်း ၇၀ စျေးပေါက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အနောက်ပိုင်းဥက္ကဋ္ဌ ထွန်းထွန်းလင်းနှင့် အရှေ့ပိုင်းဥက္ကဋ္ဌ အောင်ဘော်တို့က စစ်မှုထမ်း ပေါ်တာဆွဲရန် လူမိုက်နှင့်ပျူစောထီး အဖွဲ့ ၁၀ ခုထက်မနည်းကို စေလွှတ်ထားကြောင်း လှိုင်သာယာမြို့အခြေစိုက် ကင်းထောက် သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက လူမိုက်နှင့် ပျူစောထီးများကို စစ်မှုထမ်းစုဆောင်းပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် ဒဂုံဧရာအဝေးပြေးဝင်း၊ ကားမှတ်တိုင်၊ လှေဆိပ်၊ ဘုရင့်နောင်တံတားအနီး အပါအဝင် လှိုင်သာယာမြို့နယ်တစ်ဝန်းတွင် လူမိုက်နှင့် ပျူစောထီး အဖွဲ့ ၁၀ ခုထက်မနည်းကို စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းပေးရန် စေလွှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရရှိလျှင် လူစားထိုးအရောင်းအဝယ်လုပ်ခြင်း၊ စစ်မှုထမ်းကြေးကောက်ယူခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခွင့်ပေးထားပြီး လူငယ် ၁ ဦး ဖမ်းဆီးရရှိလျှင် ငွေကျပ် အနည်းဆုံး ၁၅ သိန်းမှ သိန်း ၃၀ အထိ ရရှိကြကြောင်း သိရှိရသည်။

“လူငယ် ၁ ဦး ဖမ်းဆီးရလို့ရှိရင် ထွေ/အုပ်ရုံးနဲ့ စစ်သားစုဆောင်းရေးတပ်တွေကို ပို့တယ်။ ပြီးမှ လူလိုတဲ့ရပ်ကွက်နေ ပြန်ဝယ်တာမျိုး လုပ်ကြတယ်။ ၁ ဦးကို အနည်းဆုံး ၁၅ သိန်းရတယ်။ ဖမ်းပြီးပို့ပေးတာနဲ့ ၁၅ သိန်း ချက်ချင်းရတာ။ အဲဒီတော့ လှိုင်သာယာမှာ လူဖမ်းစားတဲ့ အဖွဲ့ တွေ ပေါလာတာ။ အခု သိသလောက် ၁၀ ဖွဲ့ အနည်းဆုံးရှိတယ်။ ဒဂုံဧရာအဝေးပြေးဝင်းမှာလည်း ရှိနေတယ်။ တချို့အဖွဲ့က တက္ကစီတွေနဲ့၊ တချို့အဖွဲ့က အိမ်စီးကားတွေနဲ့ ပတ်နေကြတာ” ဟု လှိုင်သာယာအခြေစိုက် ကင်းထောက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ရှင်းပြသည်။

လှိုင်သာယာအခြေစိုက် ရဲသတင်းရင်းမြစ်ကလည်း လှိုင်သာယာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ လူငယ်အများစုမှာ ဧရာ၀တီတိုင်းဘက်မှ လာသော လူငယ်များဖြစ်ကြပြီး လူမိုက်နှင့်ပျူစောထီးများက အဓိက ဖမ်းဆီးလူရှာဖွေကြကြောင်း၊ လူမိုက်နှင့်ပျူစောထီးအဖွဲ့ တစ်ခုလျှင် နေ့စဉ် လူငယ် ၃ ဦးမှ ၅ ဦးအထိ လှိုင်သာယာမြို့နယ်တစ်ဝန်းတွင် ပေါ်တာဆွဲ ဖမ်းဆီးကြောင်း သိရှိရသည်။

“အုပ်ကြီးတွေနဲ့ ရဲဘက်က အမှုအခင်းရှိတဲ့သူ၊ ဧည့်စာရင်း စစ်ရင်း ဖမ်းမိတဲ့ လူလောက်ပဲ ရတာ။ အဓိက စစ်မှုထမ်းရဖို့ ရှာတာက ကင်းပတ်တဲ့အဖွဲ့( လူမိုက်နှင့်ပျူစောထီး) တွေ က ဖမ်းတာများတယ်။ ငွေကြေးအရောင်းအဝယ်တွေကတော့ သူတို့ အချင်းချင်းကြားမှာ လုပ်ကြတာ။ အုပ်ကြီးတွေက ရပ်ကွက်တွေမှာစစ်မှုထမ်းကြေးကောက်တယ်။ လူရလာရင် ရတဲ့လူကို အုပ်ကြီးအဖွဲ့တွေက ပြန်ဝယ်တယ်။ အခုတော့ ပေါက်စျေးက စစ်မှုထမ်း လူငယ် ၁ ဦးကို သိန်း ၇၀ ပေါက်တယ်” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။

လှိုင်သာယာမြို့နယ်တွင် လူမိုက်နှင့်ပျူစောထီးများက လူငယ်များကို စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခွင့်ကို အနောက်ပိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထွန်းထွန်းလင်းနှင့် အရှေ့ပိုင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အောင်ဘော်က တရား ဝင် ခွင့်ပြုပေးထားကြောင်း၊ ဖမ်းဆီးရရှိလျှင် မြို့နယ်ထွေ/အုပ်အဖွဲ့ထံသို့ အသိပေး အကြောင်းကြားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှိုင်သာယာမြို့နယ် အနောက်ပိုင်းဥက္ကဋ္ဌ ထွန်းထွန်းလင်းနှင့် အရှေ့ပိုင်းဥက္ကဋ္ဌ အောင်ဘော်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article