30.8 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိသားစု တစ်စုတည်းမှ ဖခင်၊ မိခင်နှင့်အဘွားဖြစ်သူတို့ သေဆုံးပြီး ကလေးများ ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိသားစု တစ်စုတည်းမှ ဖခင်၊ မိခင်နှင့်အဘွားဖြစ်သူတို့ သေဆုံးပြီး ကျန်ရစ်သော ကလေးများမှာလည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ကရင်နီ အရေးပေါ် ကူညီရေးအဖွဲ့ -CTER၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး မိသားစုတစ်စုတည်း မှ ဖခင်၊ မိခင်နှင့် အဘွားဖြစ်သူတို့ စုစုပေါင်း ၃ ဦး သေဆုံးသွားကြောင်း၊ ယင်းအိမ်မှ ကလေးများမှာလည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“ဒီးမော့ဆိုတစ်မြို့နယ်လုံးမှာ စစ်ဘေးရှောင်တွေ တော်တော်များများ ရွှေ့ပြောင်းနေရတယ်။ စစ်တပ်စစ်ကြောင်းတွေက ၂ ခု၊ ၃ ခု ခွဲလာတာမျိုးတွေတော့ရှိတော့ လွတ်မယ့်နေရာတွေကို ရှောင်ရတယ်။ အဲဒီမှာ လက်နက်ကြီးနဲ့ လေယာဉ်၊ ဒရုန်းအန္တရာယ်ကလည်း ရှိနေတယ်။ လွန်ခဲ့တဲ့ ၂ လလောက်မှာ စစ်ဘေးရှောင်စခန်းတွေကိုပါ ရွှေ့ပြီး ပြေးရတယ်။ အခုထက်ထိတော့ တောတောင်တွေနဲ့ တော်လှန်ရေးတပ်တွေ နေရာချတဲ့နေရာတွေမှာပဲ နေကြတယ်။ အရင်လို စုဝေးပြီး အထိုင်ချနေကြတာမျိုး မလုပ်ရဲကြသေးဘူး။ အခြေအနေက ဘာမှန်းမသိသေးလို့” ဟု စစ်ဘေးရှောင်များကို ကူညီရေးလုပ်ဆောင်ပေးနေသည့် လူငယ်တစ်ဦးက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းတွင် စစ်တပ်က မြို့ပေါ် ဧရိယာနှင့် နေရာအများစုကို ပြန်လည် ထိန်းချုပ်ထားသော်လည်း တော်လှန် ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်း၊ စစ်တပ်၏ စစ်ကြောင်းများမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှ ဖရူဆိုမြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသော်လည်း လတ်တလော တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်း ခုခံတိုက်ခိုက်နေသဖြင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article