အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင် ခြင်းနှင့် ပါဝင်ဆောင်ရွက်သော NLD ပါတီဝင်များကို အရေးယူမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ၊ ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ကြေညာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက ပါတီစည်းမျဥ်းစည်း ကမ်းများအရ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း NLD က ကြေညာသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ ရှိရာ ၁,၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်၌ ၂၇,၅၁၂,၈၅၅ ဦး ၊အမျိုးသားလွှတ် တော်၌ ၂၇,၄၉၅,၅၅၅ ဦး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၌ ၃၀,၄၅၉,၁၁၃ ဦး လာရောက်မဲပေးခဲ့ကြကြောင်း၊ ထို့ကြောင့် တနိုင်ငံလုံး ဆန္ဒမဲပေးမှု အနေဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း NLD က ထုတ် ပြန်သည်။
မြန်မာပြည်သူများမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်လျက် မိမိတို့ဆန္ဒကို ရဲရင့် စွန့်စားဖော်ထုတ်ခဲ့ကြကြောင်း၊ နိုင်ငံတကာသံတမန်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက် အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီးတရားမျှတသောရွေး ကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းထားပြီး တည်ဆဲဥပဒေအရ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ ဆန္ဒနှင့်အညီ တရား ဝင်တည်ရှိနေဆဲဖြစ်သည်ဟု NLD က ပြောသည်။
အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုကာ ထိုစဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက် အဓမ္မအာဏာလုယူပြီး နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကာ အာဏာလုစစ်တပ်သည် ၄င်းတို့ စိုး မိုး ထိန်းချုပ်နိုင်သော နယ်မြေအနည်းငယ်မျှတွင် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပရန် ကြံစည်နေ သည်ကို မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက် မည်မဟုတ်ဟု NLD ၏ သဘောထားကို ထပ်မံ အသိပေး ကြေညာထားသည်။
ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AFP ။
