28.2 C
Yangon

ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နေမကောင်းဖြစ်လျှင် ဆေးတစ်ခါထိုး ငွေ ၁ သောင်းကျပ်ပေးရပြီး ငွေမပေးလျှင် သောက်ဆေးပင်မပေး၊ နိုင်/ကျဉ်းများ၏ ကျန်းမာရေးနှင့် အစားအသောက် အလွန်ဖိနှိပ်ခံနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နေမကောင်းဖြစ်လျှင် ဆေးတစ်ခါထိုး ငွေ ၁ သောင်းကျပ်ပေးရပြီး ငွေမပေးလျှင် သောက်ဆေးပင်မပေးကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောုဆိသည်။

ဒိုက်ဦးမြို့နယ် ကျိုက်စကော ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နေမကောင်းဖြစ်လျှင် အဖျားကျဆေး ပါရာစီတမော့မှစတင်၍ ဝယ်ယူသောက်နေရကြောင်း၊ ကျန်းမာရေး ဆိုးရွား၍ ဆေးထိုးလိုပါကလည်း ဆေးတစ်ခါထိုးလျှင် ငွေကျပ် ၁ သောင်းခန့်အထိ ပေးနေရကြောင်း၊ ပိုက်ဆံ မပေးနိုင်လျှင် ဆေးကုသမှု မရကြောင်း သိရှိရသည်။

“ဖျားလို့ ဆေးထိုးရင် တစ်ခါထိုး တစ်လုံး တစ်သောင်း ပေးရတယ်။ ဘယ်ဆေးမှ အလကားမရဘူး။ ကိုက်ခဲလို့ ဆေးတစ်လုံးလောက်တောင်းရင်တောင် ငွေမပေးရင် လုံးဝ မထုတ်ပေးဘူး။ ကျန်းမာရေးစောင့်ရှောက်မှု မရ ၊ ဆေးဝါးကုသမှု မရဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကျဉ်းသားများကို ကျွေးမွေးသည့် ထမင်းများမှာလည်း တစ်နေ့တစ်ခြား အလွန်ဆိုးရွားလာကြောင်း၊ ထမင်းထဲတွင် ကျောက်ခဲများ၊ မြက်သီးများပါ ပါဝင်နေပြီး ထမင်းကို နပ်အောင် ချက်မကျွေးတော့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားမှာ အစား အစာ စားသုံးရမှု အဆင်မပြေသည့်အပြင် ဆေးဝါးကုသခွင့်ပါ ဆုံးရှုံးနေသည့်အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြရကြောင်း သိရှိရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင်း အကျဉ်းသားများအတွက် စျေးရောင်းချပေးသော်လည်း စျေးနှုန်းများမှာ အလွန်ကြီးမြင့်နေကြောင်း၊ ကြက်ဥ တစ်လုံး ၂၀၀၀ ကျပ်၊ ပေါင် မုန့် တစ်ထုပ် ၁သောင်း ကျပ်ဖြင့် ရောင်းချနေပြီး ဈေးများ မတန်တဆတင် ရောင်းချနေသဖြင့် ဝယ်မစားနိုင်သူများကြောင်း၊ မိသားစုက ပို့ဆောင်သည့် ပါဆယ်ဟင်းများကိုလည်း ပြန်နွှေးခွင့် မပေးသည့်အတွက် မှိုတက်၍ ပါဆယ်ဟင်းများ လွှင့်ပစ်နေရကြောင်း သိရှိရသည်။

“အင်းစိန်ထောင်မှာဆို ဒယ်နီတွေ ချပေးထားပြီး နွှေးစားခွင့် ပေးပါတယ်။ အစားဆင်းရဲ ဆေးဝါးမရှိနဲ့ မသေသေအောင် ဖန်တီးသလို ဖြစ်နေပါပြီ။ ထောင်တော်တော်များများမှာ ထမင်းသိုး ဟင်းသိုးတွေ ကျွေးတဲ့ အပြင် တစ်ခါတလေ လောက်တက်တာတွေ ပါ ကျွေးလာတယ်။ ခု ကျိုက်စကော နိုင်ကျဉ်း အမျိုးသမီး ဆောင်မှာ ပါဝါဘန့်မိတယ်ဆိုပြီး ၃ ပွင့်နဲ့ အရာရှိ အမျိုးသမီးက မဟုတ်မမှန် စွပ်စွဲလုပ်ကြံပြီး နိုင်/ကျဉ်း အမျိုးသမီး ၆ ဦးကိုလည်း တိုက်ပိတ်ထားပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကျဉ်းထောင်အတွင်း ဖိနှိပ်သည့် ဖြစ်စဉ်များကို ထောင်တွင်း စစ်ဆေးရေးဝင်သည့် ICRC ကမ္ဘာ့ ကြက်ခြေနီအဖွဲ့အစည်းထံသို့ သတင်းပို့ရန် ကြိုးပမ်းသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း စစ်တပ်က တိုက်ပိတ်သည့် ပြစ်ဒဏ်များ ဆက်တိုက် ချမှတ်နေကြောင်း၊ အကျဉ်းသားများ၏ အခက်အခဲကို တင်ပြခွင့် လုံးဝမရှိသည့် အဆိုးဆုံးအခြေအနေသို့ ရောက်ရရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article