မကွေးတိုင်း၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ တို့တွင် ၁ လတာ အတွင်း လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ အကြားတွင် လူငယ်များကို အိမ်စီးကား ၃ စီးဖြင့် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေသော အကြမ်းဖက် စစ်သားများကို စလင်းမြို့နယ်၊ မြင်တင်ရပ်ကွက်၊ စလင်းမြို့မဈေးအနီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်သားများ စလင်းမြို့မ ရဲစခန်းသို့ ပြန်လည် မောင်းနှင်ဝင်ရောက်သွားကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီ ခန့်တွင် စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း၌ အင်အား ၂ဝ ဝန်းကျင်ဖြင့် စလင်းမြို့ မြောက်ဘက်အထွက်တွင် ၃ ပတ်ကြာအထိုင်ချ တပ်စွဲပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ဂိတ်ကင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ဂိတ်စောင့်နေသော စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“စလင်းနဲ့ ဆင်ဖြူကျွန်း မြို့ပေါ်နဲ့ မြို့ အနားတဝိုက်မှာ စစ်ခွေးတွေက ၁ လ အတွင်း လူငယ် ၂၀၀ ဝန်းကျင်ကို ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေ အနေနဲ့ အသွားအလာ အထူးသတိပြုဆင်ခြင်ရန်နဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးရေးတွေကို အချိန်မှီ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး အကြမ်းဖက် စစ်တပ်က စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းမှုများပြုလုပ်လျှက်ရှိအတွက် လူငယ်များ သတိထားသွားလားနေထိုင်ကြပါရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။
