စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများသည် ရေဦးမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးရန် ဂါဝီပန်းခြံဂိတ်တွင် စုဖွဲ့ပြင်ဆင်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ရေဦးမြို့ပေါ်က စစ်ခွေးတွေက ရေဦးမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်စုဖွဲ့နေတဲ့ ဂါဝီပန်းခြံဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ဗိုလ် ၁ ကောင်အပါအဝင် ၆ ကောင် သေဆုံးတယ်။ ၄ ကောင်ကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ရွှေဘိုခရိုင် အမှတ်(၉)တပ်ရင်း နှင့် ဘုတလင် ပကဖ(ဒရုန်းတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
