ရန်ကုန်၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်တွင် ရောက်ရှိနေသည့် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမှ ရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီး ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော မောင်တော ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း Arankan Princess Mediaက သတင်းဖော်ပြသည်။
ဩဂုတ်လ ၃၀ ရက်နေ့ တွင် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမြို့ပေါ် ဂျာမေဗလီကြီးတွင် ရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါ ဗလီကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ယင်းဗလီမှာ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာ ခေါင်းဆောင်များ၏ တောင်းဆိုချက်အရ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျာမေ ဗလီကြီးကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်မှာ ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ၁၃ နှစ်အကြာမှာ အာရက္ခတပ်တော် AA က ပြန်လည် ဖွင့်ပေးခြင်း ဖြစ်သည်။
ဗလီကြီး ပြန်လည် ဖွင့်လှစ်သည့် အခမ်းအနားသို့ ရိုဟင်ဂျာ ဘာသာရေးခေါင်းဆောင်များ၊ အာရက္ခတပ်တော် AA က တာဝန်ရှိသူများ ရခိုင်မျိုးနွယ်စုများအပါအဝင် လူဦးရေ ၃၀၀ ကျော်နှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


