ရန်ကုန်၊ စက်တင်ဘာ ၁၆
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အသက် ၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် တရားမဝင် မြန်မာနိုင်ငံသား ၅၃ ဦးဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာန Khaosod က သတင်းဖော်ပြသည်။
ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်အစောပိုင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မိခင်နှင့်အတူ ခရီးသွားနေသည့် အသက် ၂ နှစ်အရွယ် မြန်မာကလေး ၁ ဦးအပါအဝင် မြန်မာ နိုင်ငံသား ၅၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူများတွင် မြန်မာလူငယ် အမျိုးသား ၃၁ ဦးနှင့် မြန်မာလူငယ် အမျိုးသမီး ၂၁ ဦးတို့ ပါဝင်ကြောင်း၊ အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားများသည် ကား ၄ စီးဖြင့် ကျပ်တည်းစွာ လိုက်ပါလာကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသားများကို လိုက်ပါလာသော ကားများနှင့်အတူ ဖမ်းဆီးရရှိသော ယာဉ်မောင်း ၄ ဦးမှာ လွတ်မြောက်သွားကြောင်း၊ တရားမဝင် မြန်မာများ သယ်ဆောင်လာသော ကား ၃ စီးကို သိမ်းဆည်းဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများအားလုံးသည် ရန်ကုန်မြို့မှ ထွက်လာလာခြင်းဖြစ်ပြီး ဆန်ခလာဘူရီမြို့ သို့ တောလမ်းများမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ကုန်းလမ်း၊ ရေလမ်းနှင့် တောလမ်းများကို အသုံးပြုလာကြကြောင်း၊ တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ထိုင်းဘတ်ငွေ ၁၈၀၀၀ အထိ ပေးရကြောင်း သိရှိရသည်။


