ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စစ်တပ်အထိုင်စခန်းကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၄ နာရီ ၃၅ မိနစ်အချိန် မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် မုံရွေးကျေးရွာအနီးရှိ တိုးဂိတ်တွင် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းပိုက်စဉ် စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၅ လက်၊ ကျည်ကာ ဦးထုပ် ၂ လုံး၊ ကျည်ကာ အင်္ကျီ တစ်ထည်၊ ကာ ဘိုင်ကျည်အပါအဝင် အခြားကျည် မျိုး စုံနှင့် ဆက်စပ် ပစ္စည်းများ သိမ်ဆည်းရရှိခဲ့ကြောင်း သိရသည်။
“မနက် ၄ နာရီ ၃၅ မိနစ်အချိန်ကစပြီး တိုက်ပွဲစဖြစ်တာဗျ။ မနက်ခင်း ၅ နာရီခွဲမှာ တိုက်ပွဲပြီးသွား တယ်။ စခန်းကတော့ အကုန်သိမ်းနိုင်ခဲ့တယ်။ လက်နက်ပစ္စည်း တွေလည်းအကုန်သိမ်းနိုင်ခဲ့ တယ်။ စခ ၈ ဦး ကတော့ နေရာတင် သေဆုံးတယ်။ ကိုယ်ဘက်ကတော့ရဲဘော် ၅ ယောက် မစိုးရိမ်ရဒဏ် ရာရရှိတယ်။ မနက်လင်းတော့ စစ်ကူ တွေလာလို့ ကျနော်တို့ တပ်နောက်ဆုတ်ခဲ့တာ” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၄ က ဦးဆောင်ပြီး ဘုတလင် Chindwin Brotherအဖွဲ့ နှင့် ဒေသ တော်လှန်ရေးမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှုကြောင့် လမ်းများပိတ်ကာ စစ်ကူအများအပြားဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာကြောင်း၊ လတ်တလော မုံရွာ-မန္တလေးလမ်းကို စစ်တပ်က ပိတ်ပင်ထားကြောင်း ဒေသပြည်သူများနှင့် ခရီးသွားယာဉ်မောင်းက ပြောဆိုသည်။
“လမ်းတွေပိတ်ထားတယ်။ ကားတွေ ပိတ်နေတာ ရာချီရှိတယ်။ တချို့လည်း ပြန်လှည့်ကုန်ကြတယ်။ တိုက်ပွဲဖြစ်လို့ ပိတ်ထားတယ်။ တပ်က နယ်မြေရှင်းလင်းဖို့ ပိတ်တာလို့ သိရတယ်” ဟု မုံရွာမှ ခရီးသည်တင်ယာဉ်မောင်း တစ်ဦးက ရှင်းပြသည်။
