ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၃ ဦး ထပ်မံ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများက ဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲဝန်းကျင်အချိန် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်မြို့နယ်၊ ထားခနွမ်ကျေးရွာတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းဆီးခဲ့ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်း ၂ ဦးနှင့် ကား ၃ စီးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးပါဝင်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ပွဲစားတစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ပေးဆောင်ခဲ့ရပြီး ဘုရားသုံးဆူမှ တစ်ဆင့် ကန်ချနဘူရီခရိုင်အတွင်းသို့ တောလမ်း၊ ကုန်းလမ်းနှင့် ရေလမ်းများမှ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အလားတူပင် ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်အစောပိုင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မိခင်နှင့်အတူ ခရီးသွားနေသည့် အသက် ၂ နှစ်အရွယ် မြန်မာကလေး ၁ ဦးအပါအဝင် မြန်မာ နိုင်ငံသား ၅၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူများတွင် မြန်မာလူငယ် အမျိုးသား ၃၁ ဦးနှင့် မြန်မာလူငယ် အမျိုးသမီး ၂၁ ဦးတို့ ပါဝင်ပြီး အားလုံးမှာ ရန်ကုန်မှဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်တည်းတွင် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၆ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။


