26.2 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် ဇွန်လနှင့် ဩဂုတ်လ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၄ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ဇွန်လနှင့် ဩဂုတ်လ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းဆုံ စစ်တပ်ဂိတ်မှ ကင်းယူရန်ထွက်လာသော စစ်သား ၂၀ ဦးသည် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းပေါ်ရောက်ရှိလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ပြင်းထန် ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့ပေါ်မှ စစ်ကား ၁ စီးဖြင့် ဆယ်မိုင် စစ်ဆေးရေးဂိတ်သို့ထွက်လာသော စစ်သားများကိုလည်း လမ်းပိုင်း တနေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့ပေါ် မှ စစ်ကား ၂ စီးဖြင့် ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်သားများကို လမ်းပိုင်းတသ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ လက်ဆည် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ဗုံးသီး ၃ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ လက်ဆည် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးသီး ၅ လုံးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဆိပ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကင်းထွက်လာတဲ့ စစ်ခွေးတွေ၊ စစ်ကားတွေနဲ့ လက်ဆည်ရဲစခန်းကို ဇွန်လနဲ့ ဩဂုတ်လ အတွင်း တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁၄ ကောင် သေဆုံးပြီး ၂၇ ကောင် ထိခိုက်ဒဏ်ရာရရှိပါတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ တိုက်ခိုက်မှု ပြုလုပ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နှင့် ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း ၊ တပ်ခွဲ(၃) ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article