28.1 C
Yangon

စကုမြို့နယ်၊ မန်းကောက်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုဖြိုး ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၂၀ ဖြင့် ပြန်ရွေးခိုင်း၊ မုံရွာမြို့​ပေါ်တွင်လည်း စစ်တပ်က လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မကွေးတိုင်း၊ စကုမြို့နယ်၊ မန်းကောက်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုဖြိုး ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၂၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် စကုမြို့နယ်၊ မန်းကောက်ကျေးရွာတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုဖြိုးဆိုသူကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး စကုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက မြို့နယ် ထွေ/အုပ်ရုံးသို့ လိုက်လံ ရွေးထုတ်စဉ် အကြမ်းဖက် စစ်သားများကို ငွေကျပ် သိန်း ၁၂၀ ပေးခဲ့ရကြောင်း သိရှိရသည်။

“နေ့ခင်းကြီး ရွာထဲအထိဝင်ပြီး ပေါ်ပေါ်တင်တင် ပေါ်တာဆွဲနေတာပါ။ ရွာသူ၊ ရွာသားတွေ လည်း ထိတ်လန့်ကုန်ကြတယ်။ မင်းဘူး၊ စကုမြို့နယ်ထဲက ကျောက်စံကျေးရွာအုပ်စု၊ မန်းကောက်ရွာ က ကိုဖြိုးဆိုတဲ့ လူငယ်တစ်ယောက်ကို ပေါ်တာဆွဲသွားတာပါ။ ထွေအုပ်ရုံးကို လိုက်ရွေးတဲ့အခါ သိန်း ၁၂၀ ပေးရမယ်လို့ ပြောပါတယ်၊ ပါတဲ့လူငယ်က အိမ်ထောင်ကျခါစပဲရှိပါသေးတယ်။ ဘာမရှိ မရှိပါဘူး။ ရွာက သနားလို့ စုပြီးပေးရမှာပါ။ ရွာမှာလည်း စားဝတ်နေရေးက ခက်ခဲကြတော့ သူတို့ တောင်းတဲ့ငွေ ပြည့်ဖို့ မနည်းရုန်းကန်နေကြရပါတယ်၊ အားကိုးရာမဲ့နေကြရပါတယ်၊ တနယ်လုံး၊ တစ်အုပ်စုလုံးပေါ်တာဆွဲနေတာပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျောက်စံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ မောင်မြင့်သန်း ဆိုသူဖြစ်ပြီး အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ် ပေးနေသူဖြစ်ကြောင်း၊ အလားတူ ကျောက်စံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ညိုမောင်သည်လည်း အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့​ပေါ်ရှိ ပြည်ထောင်စုလမ်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၅၆ မိနစ်ခန့်တွင် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းတွင် အကြမ်းဖက် စစ်သားများက ကား ၅ စီးဖြင့် လူငယ်၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထို လူငယ် ၂ ဦးသည် ပြည်ထောင်စုလမ်း အတိုင်း အလုပ်သွား အလုပ်ပြန်နေသည့် လူငယ်များ ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာတော့ မြင်လိုက်တယ်။ စစ်ခွေးတွေက ဘယ်ကို ခေါ်ဆောင်သွားလဲ ဘယ်မှာ ဖမ်းဆီးထားတာလဲဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး။ အသက်အရွယ်ကတော့ ခန့်မှန်းခြေကတော့ ၂၀ ကျော်လောက်တွေ ဖြစ်မယ်ထင်တယ်။ စစ်ခွေးတွေက အိမ်စီးကားတွေနဲ့ဆွဲတာ”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ညအချိန် ရပ်ကွက်များအတွင်း စစ်တပ်က ပြည်သူများကို ရှာဖွေဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article