ရန်ကုန်၊ စက်တင်ဘာ ၁၈
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ ရေနံမှော်များကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၅ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးသည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ ရေနံမှော်များကို ဗုံး ၅၅ လုံးဖြင့် ၁၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ပေါက်နဲ့မြိုင် မြို့နယ်အစပ်က ရေနံမှော်တွေကို စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ ဒီနေ့လည်း ထပ်မံဗုံးကျဲ သွားပါတယ်။ ပြည်သူတွေ အကုန်လုံးကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ ၃ ရက်ဆက်တိုက် ကျဲနေတာ စက်တပ်လေထီးတွေလည်းပါတယ်။ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များကို စက်တပ်လေထီးဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အစပ်ကို စက်လှေ ၃ စီးဖြင့် လာသော စစ်တပ် စစ်ကြောင်းက တပ်သာရွာကို မီးရှို့နေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် မတ္တရာမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ကို စက်လှေ ၃ စီးဖြင့် လာသော စစ်ကြောင်းသည် တပ်သာ(အောက်)ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှုရှိ၊ မရှိနှင့် နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
