26.5 C
Yangon

ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စကခမှူး ဗိုလ်မှူးချုပ် မင်းသီဟ မြို့ပေါ်တွင် KTVနှင့်အနှိပ်ခန်း ဖွင့်လှစ်ခြင်း အပါအဝင် တရားမဝင် စီးပွားရေးများစွာ လုပ်ကိုင်ပြီး အကျင့်ပျက်ခြစားမှုများ အကြီး အကျယ်လုပ်ထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် မင်းသီဟမှာ မြို့ပေါ်တွင် KTV နှင့်အနှိပ်ခန်း ဖွင့်လှစ်ခြင်း အပါ အဝင် တရားမဝင် စီးပွားရေးများစွာ လုပ်ကိုင်သည့်အပြင် အကျင့်ပျက်ခြစားမှုများ အကြီးအကျယ်လုပ်ထားသဖြင့် တိုင်ကြားခံရမှုများရှိနေကြောင်း ဘုတ်ပြင်းအခြေစိုက် တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးချုပ် မင်းသီဟက ဘုတ်ပြင်းမြို့ပေါ်တွင် KTV နှင့် အနှိပ်ခန်း ဖွင့်လှစ်ရာတွင် စကခ ၁၃ မှ ဗိုလ်မှူးရဲလွင်ဦး (DSA-အပတ်စဉ် ၄၈) ကို အဓိက ဦးစီးခိုင်းပြီး မြို့ပေါ်မှ စီးပွားရေးသမားတစ်ဦးက နာမည်ခံပေးရကြောင်း၊ ယင်းKTV နှင့် အနှိပ်ခန်းကို ဘုတ်ပြင်း မြို့မစျေးအနီးတွင် ဖွင့်လှစ်ထားပြီး အဆိုပါဆိုင်မှ အကျိုးအမြတ်များကို ဗိုလ်မှူးချုပ် မင်းသီဟက အဓိက ရယူကြောင်း၊ ကျန်အကျိုးအမြတ်များကိုမူ ဗိုလ်မှူး ရဲလွင်ဦးနှင့် နာမည်ခံပေးသော စီးပွားရေးသမားကို ပြန်လည် ခွဲဝေပေးကြောင်း သိရှိရသည်။

“ဗိုလ်မှူးချုပ် မင်းသီဟ ရဲ့ KTV နဲ့ အနှိပ်ခန်း ဆိုတာက မြို့စွန်မြို့ဖျားမှာ ဖွင့်တာမဟုတ်ဘူး။ မြို့ အလယ် တည့်တည့် အချက် အခြာနေရာမှာ ဖွင့်ထားတာ။ တစ်ညလုံး မူးယစ်အော်ဟစ်နေတာ။ အဲဒါကို မြို့နေ ပြည်သူတွေက တိုင်ကြတယ်။ မြို့နေလူထုက တိုင်တဲ့အခါကျတော့လည်း လက်ရှိ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးက စကခ၁၃ တပ်မမှူး ဗိုလ်မှူးချုပ် မင်းသီဟ(DSA- အပတ်စဥ် ၄၁) နဲ့ တစ်ပတ်စဥ်ထဲ မိုးကျရွှေကိုယ် ခရိုင်မှူး ဖြစ်နေတယ်။ ခရိုင်မှူးပါ KTV နဲ့ အနှိပ်ခန်းမှာ ရှယ်ပါသလိုတောင် သတင်းက ထွက်နေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

စကခ ၁၃ တပ်မမှူး ဗိုလ်မှူးချုပ် မင်းသီဟက တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့်အပြင် မြို့နယ်အတွင်း တရားမဝင် ကုန်သွယ်ခြင်း၊ တရားမဝင် ပစ္စည်းများ သယ်ယူခြင်းများအတွက် ဆက်ကြေးကောက်ခံမှုများကိုလည်း ဗိုလ်မှူး ရဲလွင်ဦးကို အခွင့်အာဏာပေးအပ်ကာ ငွေကြေးတောင်း ယူစေကြောင်း သိရှိရသည်။

“ဘုတ်ပြင်းမှာ မြို့ဝင်မြို့ထွက် ဂိတ်တွေ အားလုံးကို ဗိုလ်မှူးရဲလွင်ဦးကို တပ်မမှူးက လွှဲထားတယ်။ စီးပွားရေးသမားတွေဆီကလည်း ဘာလုပ်ချင်သလဲ။ ငွေသာပေး အကုန်လုပ်ပေးတယ်။ ဘုတ်ပြင်းမှာ ဗိုလ်မှူးရဲလွင်ဦးက အားလုံးကို ဦးစီးပြီး ငွေရှာတယ်။ ပြီးရင် တပ်မမှူးကို ပြန်ဂါရတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

စကခ ၁၃ တပ်မမှူး ဗိုလ်မှူးချုပ် မင်းသီဟမှာ စီးပွားရေးနှင့် ငွေရရှိရေးကိုသာ အဓိက အာရုံစိုက်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ကို လွှဲအပ်ခဲ့ကြောင်း၊ ဗိုလ်မှူးကြီးမျိုးသန့်မှာ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ အဆိုပါသေဆုံးမှုအတွက် ဗိုလ်မှူးချုပ် မင်းသီဟကို စစ်တပ်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးချုပ် မင်းသီဟသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီး ရာထူးဖြင့် ကကပြည် စစ်ဦးစီး ပထမတန်း G1 တာဝန်၊ ၂၀၂၂ ခုနှစ်တွင် ပူတာအို စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးရာထူးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် မတ်လတွင် စကခ ၁၃ တပ်မမှူး အဖြစ် ဗိုလ်မှူးချုပ်ရာထူးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင် ရာထူးတိုးခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင်ပင် မင်းအောင်လှိုင်က ၎င်းကို စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article