ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ကိုစိုင်းမြတ်ကိုက ရဲ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး သေနတ်လုယူကာ ကာ PDF ထံတွင် လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲစခန်းတွင် ကိုစိုင်းမြတ်ကို စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးထားခဲ့ကြောင်း၊ ဖမ်းဆီးခံရသော ကိုစိုင်းမြတ်ကိုသည် စက်တင်ဘာလ ၂၁ ရက်နေ့ တောင်ညိုကွက်သစ် ရဲစခန်းမှ ရဲများတန်းစီချိန် တစ်ဦးတည်းကျန်ရစ်နေသော ရဲ ၁ ဦးကို ဓားဖြင့် ထိုးသတ်ဖြတ်ပြီး ၎င်းကိုင်ဆောင်သော G3 သေနတ် ၁ လက်၊ G3 ကျည် ၁၀ တောင့်နှင့် ကျည်ဘောက် ၁ ခုတို့ ယူဆောင်ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် ရဲကို သတ်ဖြတ်ခဲ့သူ ကိုစိုင်းမြတ်ကိုက လက်နက်နှင့်အတူ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုင်းမြတ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ တောင်ညိုကွက်သစ် ရဲစခန်းမှ ရဲများ ဆိုင်ကယ်များကို လိုင်စင် စစ်ဆေး ဖမ်းဆီးနေချိန် စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။
“ပေါ်တာဆွဲခံရတာ ၁၀ ရက်ခန့်ပဲ ရှိပါသေးတယ်။ တောင်ညို ကွက်သစ် ဈေးတန်းမှာ ဆိုင်ကယ်ဖမ်းနေရင်းက လူငယ်ကို စစ်ထဲ၀င်ရမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက စက်တင်ဘာလ ၂၁ ရက်နေ့က အလင်းဝင်ရောက်လာတာပါ။ သူ့က ရဲတစ်ဦးကို သတ်ဖြတ်ပြီး ရဲကိုင်တဲ့ သေနတ်ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာတာပါ” ဟု သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁ မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အလင်းဝင်ရောက်လာသော ကိုစိုင်းမြတ်ကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ က ဆုငွေ ကျပ်သိန်း ၂၀ ချီးမြှင့်ထားကြောင်း၊ ကျန်ရှိနေသော အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များအနေဖြင့်လည်း အခွင့်အရေးကို စောင့်ဆိုင်းပြီး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီကို တော်လှန်သွားကြရန် စစ်အာဏာရှင်၏ အကျိုးစီးပွားကာကွယ်ရန်အတွက် အသုံးချခံ မဖြစ်ကြစေရန် သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁ တပ်ရင်းက တိုက်တွန်းထားသည်။
