ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် လေးကေကော်ဘက်ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်ပြီး မြေပြင်မှလည်း စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန်မှ စတင်ပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်အထိ အကြမ်းဖက် စစ်တပ်က လေးကေ့ကော်သို့ Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ လျက်ရှိကြောင်း၊ မြ၀တီမြို့စောင့်တပ် ခမရ ၂၇၅ တပ်ရင်းကလည်း ၁၂၂ မမလက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။
ထို့ပြင် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ်က လူလှိုင်းလုံး အလုံးအရင်းဖြင့် လေးကေ့ကော်မြို့ဆီသို့ ဦးတည် ထိုးစစ်ဆင် ရွေ့လျားလာနေကြောင်း၊ နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များဖြင့် လေးကေ့ကော်ရှိ စွယ်တော် အမြောက်ကုန်းကို ရရှိရေး ထိုးစစ်ဆင်မည့် အခြေအနေရှိကြောင်း သိရှိရသည်။
“လေးကေကော်ကို စစ်တပ်က လူလှိုင်းလုံး စစ်ဆင်ရေး နဲ့ မြေပြင်စစ်ကြောင်းထိုး တိုက်စစ်ဆင်နေပါတယ်။ အခု နံနက် ၁၀ နာရီ ကျော်ကနေ ၁၁ ခွဲ အထိ Y12 နဲ့ ဗုံးပတ်ကျဲ တိုက်ခိုက်နေတယ်။ မြေပြင် တိုကိပွဲ အတွင်းမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာ တွေ ရှိ နေတဲ့ကြားက စစ်သားသစ်တွေနဲ့ စွယ်တော်အမြောက်ကုန်းကို စစ်ထိုးဆင်နိုင်ဖို့ စစ်ကြောင်း ပတ်လာနေတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သံများ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ်အထိ ကျယ်လောင်စွာ ကြားရကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက ပြောဆိုသည်။
အလားတူ ယမန်နေ့ကလည်း မြ၀တီမြို့အနီး လေးကေ့ကော်နှင့် မယ်ထော်သလေးဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် တောက်လျှောက် ပစ်ခတ်ခဲ့ပြီး ဗိုလ်ရန်နိုင်ကုန်းလို့ ခေါ်တဲ့ အိမ်ကြီးကုန်း၊ ဘုန်းကြီးကျောင်းနှင့် ကျောက်ဂူဘက်ကို စစ်ကြောင်း ထိုးလာသောကြောင့် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
