မကွေးတိုင်း၊ မြိုင်မြို့နယ်-ပခုက္ကူမြို့နယ်-ရေစကြိုမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ၍ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ပြီး မြိုင်မြို့နယ်-ပခုက္ကူမြို့နယ်-ရေစကြိုမြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က တောတိုက်များကို ဝင်ရောက်စီးနင်းပြီး စစ်ရှောင်တဲများကို ဆက်တိုက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ကွမ်းသီးကန်ရွာနှင့် ကျောက်ထပ်ရွာ အကြားရှိ ကွမ်းသီးကန် တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ကင်းရွာသို့ရောက်ရှိလာပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကွမ်းသီးကန်ရွာ၊ ကျောက်ထပ်ရွာနှင့် ကင်းရွာတို့ အပါအဝင် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မြိုင်၊ ပခုက္ကူ နဲ့ ရေစကြို အစပ်ကို မနေ့က စပြီး စစ်ခွေးတွေက စစ်ကြောင်းထိုးနေတာ ရွာတွေထဲကို မဝင်ဘူး။ စစ်ရှောင်တွေ နေထိုင်တဲ့ တောတိုက်တွေထဲတော့ ဝင်ရောက် မီးရှို့တယ်။ လက်ရှိတော့ ရွာ ၁၁ ရွာလောက် တိမ်းရှောင်နေရတယ်။ လူဦးရေ ၈၀၀၀ ကျော်လောက်ရှိပါတယ်” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ရေစကြို မြို့နယ်တို့ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေပြီး မြေပြင်မှလည်း လက်ရှိချိန်တွင် စစ်ကြောင်းထိုးနေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့ကများက မေတ္တာရပ်ခံထားသည်။

